တရုတ်နဲ့ စစ်ကောင်စီကြား စီမံကိန်း ၉၂ ခု လုပ်ကိုင်နေ

RFA Burmese
2023.02.16
တရုတ်နဲ့ စစ်ကောင်စီကြား စီမံကိန်း ၉၂ ခု လုပ်ကိုင်နေ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်။
Myanmar Military

တရုတ်အစိုးရနဲ့ မြန်မာစစ်ကောင်စီအကြား အမေရိကန်ဒေါ်လာ ၂၇.၄ သန်းတန်ဖိုးရှိတဲ့ စီမံကိန်းပေါင်း ၉၂ ခုကို လုပ်ကိုင်နေတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဒီနေ့ ထည့်သွင်းဖော်ပြပါတယ်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်နဲ့ လုပ်နေတာလို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဆိုပါတယ်။ ဘာစီမံကိန်းတွေလဲဆိုတာတော့ ဖော်ပြမထားပါဘူး။

အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံအတော်များများက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့နေပေမယ့် အိမ်နီးချင်းတရုတ်ကတော့ စစ်ကောင်စီနဲ့ စီမံကိန်းတွေ ဆက်လုပ်နေပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံသုံးနိုင်ငံဟာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြုလုပ်တဲ့ မြန်မာစစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအာဏာသိမ်း စစ်ကောင်စီနဲ့ တရုတ်အကြား ထိတွေ့ဆက်ဆံမှု ဆက်လက်ကောင်းမွန်နေပြီး တရုတ်အတွက် ကျောက်ဖြူရေနက် ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ သံဖြူနဲ့ ကြေးနီတင်သွင်းရေး၊ မြေရှားသတ္တု ရောင်းဝယ်ရေးတွေမှာ အဆင်ပြေချောမွေ့ဖို့ လိုနေတယ်လို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် The Diplomat သတင်းက ဖော်ပြပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြီးခဲ့တဲ့ နှစ်သစ်ကူးချိန်မှာ ပြောခဲ့သလို စစ်ခေါင်းဆောင်ကလည်း တရုတ်နိုင်ငံဟာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ကြောင်း ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။