တိုက်ပွဲတွေကြောင့် နေ့စဉ် ဒေါ်လာ ခြောက်သန်းခန့် ဆုံးရှုံးတယ်လို့ ဒုဝန်ကြီးပြော


2019.08.30
aunghtoo-press-622.jpg စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ၂ဝ၁၉ သြဂုတ် ၃ဝ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Thiha Tun/RFA

တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ တစ်နေ့ကို အမေရိကန်ဒေါ်လာ ငါးသန်းကနေ ခုနှစ်သန်း အထိရှိပြီး တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ကာ နေ့စဉ် ပျမ်းမျှ ဒေါ်လာ ခြောက်သန်းခန့် နစ်နာရတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြောပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် နည်းပညာစစ်တက္ကသိုလ်နဲ့ နောင်ချိုမြို့တို့ တိုက်ခိုက်ခံရအပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ TNLA ၊ MNDAA နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိမှာလည်း လားရှိုး- မူဆယ် လမ်းပိုင်းပေါ်က နေရာတချို့မှာ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်နေတယ်လို့ သိရပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေးဟာ တစ်နေ့ကို အမေရိကန်ဒေါ်လာ ငါးသန်းကနေ ခုနှစ်သန်းအထိရှိပြီး တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေရတယ်လို့ ပြောပါတယ်။

ဆန်စပါးဈေးကွက်နဲ့ ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ဒီနေ့ ကျင်းပခဲ့ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဒုဝန်ကြီးက ဖြေကြားခဲ့တာပါ။

နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်ဖို့ကတော့ လုံခြုံရေး အခြေအနေပေါ်မှာပဲမှုတည်နေပြီး ပြောရခက်ပါတယ်လို့ ဝန်ကြီးက မှတ်ချက်ပြုပါတယ်။

လမ်းတွေပိတ်ဆို့ပြီး ကုန်စည်စီးဆင်းမှုရပ်တန့်သွားပေမယ့် ကုန်ဈေးနှုန်း တက်တာတွေတော့ ခုလတ်တလောမှာ သိသိသာသာတော့ မရှိသေးဘူးလို့ ဒုဝန်ကြီးက ပြောပါတယ်။

မြန်မာဘက်က ကုန်သည်တွေ တင်ပို့တဲ့ ဖရဲ ၊ သခွား စတဲ သီးနှံတွေကတော့ ရာသီချိန်မဟုတ်လို့ မတင်ပို့ရသေးတဲ့အတွက် နစ်နာမှုမရှိသေးဘဲ ရေထွက်ပစ္စည်း တင်ပို့တာကတော့ ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။