နယ်စပ်က လက်နက်ကိုင်တွေကို တရုတ်ဘက်က လက်မခံ ဖို့ ဆွေးနွေးမည်
2016.11.24

နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ဖြန်မှာ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တရုတ်-မြန်မာ နှစ်နိုင်ငံက တာဝန်ရှိသူတွေ တွေ့ဆုံပြီး နယ်စပ်အရေးကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ က ပြောပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို တရုတ်နိုင်ငံအတွင်း လက်မခံဖို့ ၊ နှစ်နိုင်ငံသဘောတူညီထားချက်ကို ဆက်လက်စွဲကိုင်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောပါတယ်။
"ကျနော်တို့ စီစဉ်ထားတဲ့အတိုင်းဆို မနက်ဖြန် နေပြည်တော်မှာ တွေ့ဖို့ရှိပါတယ်ခင်ဗျ။ ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေး၊ သူ့ဘက်ကိုယ့်ဘက်ကို မကျူးကျော်ရေး၊ သူ့ပြည်တွင်းရေး ကိုယ့်ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး၊ ကိုယ့်အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံကိုထိပါးတဲ့ နယ်စပ်လက်နက်ကိုင်အဖွဲ့ အစည်းတွေကို မိမိတို့ရဲ့ ဒေသနယ်မြေအတွင်းမှာ လက်မခံထားရေးဆိုတဲ့ ရပ်တည်ချက်တွေ ပုံမှန်ရှိပါတယ်ခင်ဗျ။ ဒီရပ်တည်ချက်တွေ ကို ထပ်လောင်းအတည်ပြု စွဲကိုင်သွားဖို့ ဒါကိုပဲ ကျနော်မှာကြားမှာပါခင်ဗျ။"
တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်တဲ့ မူဆယ်နဲ့ကွတ်ခိုင်မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
အခုလ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ဒေသခံ သုံးထောင်ခန့်ကို တရုတ်အစိုးရက စောင့်ရှောက်ထားတယ်လို့ သတင်းထုတ်ပြန်ထားပြီး တိုက်ပွဲဖြစ်ပွားရာ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေက ဒေသခံတွေရဲ့ အပြောအရ တရုတ်နိုင်ငံဘက်ကို သွားရောက်တိမ်းရှောင်သူတွေ ဟာ လေးသောင်းကျော် ရှိနေတယ်လို့ သိရပါတယ်။
မနက်ဖြန်တွေ့ဆုံပွဲကို တရုတ်-မြန်မာ နှစ်နိုင်ငံက နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးအဆင့် တာဝန်ရှိသူတွေ ဦးဆောင်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။