တရုတ်-မြန်မာနယ်စပ် လုံခြုံရေး နှစ်နိုင်ငံ တပ်မတော် အရာရှိတွေ ဆွေးနွေး
2016.10.25

မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ဟာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်မှာ ဒီကနေ့ ဆွေးနွေးကြပါတယ်။
မြန်မာနဲ့ တရုတ် နှစ်နိုင်ငံက ရာထူးအဆင့်အတန်းတူတဲ့ စစ်ဘက်အရာရှိကြီးတွေ ဆွေးနွေးကြတာဖြစ်တယ်လို့ တရုတ်နယ်ခြားကိုယ်စားလှယ်အဖွဲ့ရဲ့ မြို့တွင်းသွားလာလုံခြုံရေးတွေကို စီမံပေးနေတဲ့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး က ပြောပါတယ်။
"ကျနော်တို့ မြန်မာတနိုင်ငံလုံးမှာ နယ်နိမိတ်နဲ့ ဆက်စပ်နေတဲ့ တပ်မတော်အရပ်ရပ်နဲ့ ကရင်ပြည်နယ် မှာဆိုလည်း ထိုင်းနိုင်ငံ၊ ရှမ်းပြည်နယ်မှာဆိုလည်း တရုတ်နိုင်ငံ၊ ကချင်ပြည်မှာဆိုလည်း တရုတ်မြန်မာ ဆက်စပ်ပြီးတော့ ဟိုဘက်တပ်မတော် ဒီဘက်တပ်မတော် နှစ်နိုင်ငံ၊ နိုင်ငံရေး၊ လူမှုရေး၊ လုံခြုံရေး၊ နယ်စပ်ရေး တပ်မတော်ချင်း ဆက်စပ်နေတဲ့ကိစ္စရပ်တွေကို ဆွေးနွေးတာဖြစ်ပါတယ်၊ ကျနော်တို့ ကတော့ လမ်းကြောရှင်းပေးတာ၊ နေရာလုံခြုံရေးတွေမှာ သူတို့စိတ်အနှောင့်အယှက်မဖြစ်အောင် တရားဥပဒေစိုးမိုးရေးနဲ့ပဲ ပတ်သက်တဲ့ လုံခြုံရေးတွေလောက်ပဲ လုပ်ပေးတာရှိပါတယ်၊ တခြားကျန်တဲ့ အကြောင်းအရာတော့မရှိပါဘူး"
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ နယ်ခြားကိုယ်စားလှယ်အဖွဲ့က စစ်ဘက်အရာရှိတွေနဲ့ မြန်မာ့ တပ်မတော်က အဆင့်မြင့်အရာရှိတွေဟာ ဒီကနေ့စတင်ပြီး နှစ်ရက်ကြာဆွေးနွေးကြမှာဖြစ်ပါတယ်။
တရုတ်နယ်ခြားကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့က ဈေးအပါအဝင် ကျောက်စိမ်း နဲ့ ကျောက်မျက်ရတနာအရောင်းဆိုင်တချို့ကိုလည်း သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။
မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ဟာ တရုတ်-မြန်မာ နယ်စပ်လုံခြုံရေးကိစ္စတွေ နဲ့ ဆက်စပ်နေတဲ့အကြောင်းအရာတွေကို တစ်နှစ်ကို နှစ်ကြိမ် အလှည့်ကျ ဆွေးနွေးလေ့ရှိပါတယ်။
မြန်မာနဲ့ တရုတ် နှစ်နိုင်ငံဟာ မိုင်ပေါင်း တစ်ထောင်ကျော် ကီလိုမီတာအားဖြင့် ၁၇၀၀ ကျော် အကွာအဝေး နယ်နိမိတ်ချင်းထိစပ်နေပါတယ်။