ခြောက်လကျော်ပိတ်ထားတဲ့ တရုတ်နယ်စပ် လွယ်ဂျယ်ဂိတ်ပြန်ဖွင့်
2022.01.18
တရုတ်- မြန်မာနယ်စပ် ကချင်ပြည်နယ်က လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်ကို ဇန်နဝါရီလ ၁၇ ရက် မနေ့ကစပြီး ပြန်ဖွင့်ပေးလိုက်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်း တကျော့ပြန်ဖြစ်လာတဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက ဒီဂိတ်ကိုတရုတ်အစိုးရက ပိတ်ထားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနယ်စပ်ဂိတ် ရုတ်တရတ်ပိတ်သွားတာကြောင့် မြန်မာပြည်ဘက်က ကုန်တင်ကား လေးရာလောက် တရုတ်နိုင်ငံ လိုင်းရင်းနယ်ဘက်မှာ ခြောက်လကျော်ကြာ ပိတ်မိနေခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
အခုဂိတ်ပြန်ဖွင့်ချိန်မှာ အဲ့ဒီပိတ်မိနေတဲ့ ကုန်တင်ယာဉ်တွေကို ဦးစားပေးထွက်ခွင့်ပြုမယ်လို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ လွယ်ဂျယ် နယ်စပ်ဂိတ်ကနေ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ မှာ သွင်းကုန် ပို့ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၅ သန်းရှိခဲ့ပါတယ်။
စစ်တပ်က အာဏာမသိမ်းခင် ငါးလအတွင်းက လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ သွင်းကုန်၊ ပို့ကုန်တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁၁၃.၀၁၇ သန်းရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ငါးလအတွင်းမှာ ၁၀၁.၁၇၄ သန်း ရှိခဲ့တာကြောင့် ငါးလအတွင်း ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၁.၈၄၃ သန်းအထိ လျော့သွားတယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။