ကိုဗစ်ကြောင့်ပိတ်ထားတဲ့ နယ်စပ်ဂိတ်သုံးခု ပြန်ဖွင့်ဖို့ တရုတ်ဘက်က ပြင်ဆင်နေ
2023.01.05
ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ မြန်မာနိုင်ငံ၊ မူဆယ်မြို့နဲ့ တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့ ဆက်သွယ်ထားတဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နဲ့ မန့်ဝိန်းဂိတ် သုံးခုကို ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မန့်ဝိန်းဂိတ်ကနေ ကုန်ပစ္စည်းတင်တဲ့ကားတွေကို တရုတ်စံတော်ချိန် မနက် ၈ နာရီ၊ မြန်မာစံတော်ချိန် ၆ နာရီခွဲကနေ တရုတ်စံတော်ချိန် ည ၁၁ နာရီ မြန်မာစံတော်ချိန် ည ၉ နာရီခွဲအထိ ဝင်ထွက်ခွင့်ပြုမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နန်းတော်ဂိတ်ကို အစိုးရဝန်ထမ်းနဲ့ ခရီးသည်တွေကို တရုတ်စံတော်ချိန် မနက် ၈ နာရီ၊ မြန်မာစံတော်ချိန် ၆ နာရီခွဲကနေ ညနေပိုင်း တရုတ်စံတော်ချိန် ၉ နာရီခွဲ၊ မြန်မာစံတော်ချိန် ၈ နာရီအထိ ခွင့်ပြုမှာဖြစ်ပြီး ဆင်ဖြူဂိတ်ပေါက်ကနေ လူပုဂ္ဂိုလ်နဲ့ အိမ်စီးကားတွေ၊ နှစ်ဘီးဆိုင်ကယ်၊ ဘတ္ထရီဆိုင်ကယ် စတာတွေကို ဂိတ်ပေါက်ရဲ့အချိန်အတိုင်း ဝင်ထွက်ခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဘက်က အခုလို နယ်စပ်ဂိတ်သုံးခု ပြန်ဖွင့်ဖို့ ပြင်ဆင်နေတယ်ဆိုပေမယ့် မြန်မာနယ်စပ်ဘက်မှာ သိသိသာသာ ပြင်ဆင်နေတာမျိုးတော့ မရှိသေးဘူးလို့ မူဆယ်နယ်စပ်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
"တရုတ်ဘက်ကတော့ သူတို့အပိုင်းမှာ ပြင်ဆင်နေတာတော့ ရှိတာပေါ့နော်။ ဒီဘက်မှာတော့ ထူးထူးခြားခြား ပြင်ဆင်နေတာမျိုမရှိဘူး။ သိရသလောက်ဆို နှစ်နိုင်ငံနယ်စပ်အစည်းအဝေးမှာလည်း မြန်မာဘက်ကနေ မေးခွန်းတွေ မေးခဲ့တာ ရှိခဲ့တယ်လို့ သိရတယ်။ အခုပိတ်လိုက် အခုဖွင့်လိုက်လုပ်တာမျိုး အရင်ကလည်း ဖြစ်ခဲ့တော့ မြန်မာနိုင်ငံဘက်က ကုန်ကားတွေအများကြီး တရုတ်ဘက်မှာ ပိတ်မိခဲ့ပြီး ဆုံးရှုံးမှုတွေဖြစ်ခဲ့တာလည်း ရှိတော့လေ"
နယ်စပ်ဂိတ်ပြန်ဖွင့်တာနဲ့အတူ နှစ်နိုင်ငံ အလုပ်သမား ကိစ္စတွေကိုပါ တစ်ခါတည်း ဆွေးနွေးထားဖို့နဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက်ကိုပါ ပြင်ဆင်ထားဖို့လိုမယ်လို့ မူဆယ်နယ်စပ် ဒေသခံအချို့က ထောက်ပြကြပါတယ်။
ဒီလိုနယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ့်ကိစ္စအတွက် စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီနေ့ညနေပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့မရခဲ့ပါဘူး။
ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ၂၀၂၀ ခုနှစ်၊ ဧပြီလနောက်ပိုင်းမှာ စတင် ထိန်းချုပ်ခဲ့ပြီး ပထမအဆင့်အနေနဲ့ လူဝင်လူထွက်ဂိတ်တွေကို ပိတ်ခဲ့တာပါ။ ၂၀၂၁ ဇူလိုင်မှာတော့ မူဆယ် နယ်စပ်ဂိတ်တွေဖြစ်တဲ့ ဆင်ဖြူ၊ မန့်ဝိန်း၊ နန်းတော်ဂိတ်ပေါက်တွေကို ပိတ်ထားခဲ့ပြီး ကျင်စန်းကျော့နယ်စပ်ဂိတ်ကနေသာ ကုန်ဝင်ကုန်ထွက်တွေကို အကန့်သတ်နဲ့ ခွင့်ပြုနေတာဖြစ်ပါတယ်။