ကျားဖြန့်နှိမ်နင်းရေး မဲခေါင်ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းလုပ်ဆောင်မယ်လို့ တရုတ်ပြော

RFA Burmese
2025.01.21
ကျားဖြန့်နှိမ်နင်းရေး မဲခေါင်ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းလုပ်ဆောင်မယ်လို့ တရုတ်ပြော အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့်ဆက်စပ်သည်ဟု ယူဆရသည့် တရုတ်နိုင်ငံသား ၃၃၇ ဦးအား ကိုးကန့်တပ်ဖွဲ့မှ တရုတ်နိုင်ငံဘက်သို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က လွှဲပြောင်းပေးခဲ့စဥ်။
ကိုးကန့်ဒေသ သတင်းလွှာ

[Update: 5: 50 PM, Jan 22, 2025]

တရုတ် အပါအဝင် မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံပါဝင်တဲ့ ကျားဖြန့်နှိမ်နင်းရေးနဲ့ လက်နက်ခဲယမ်း မှောင်ခိုတိုက်ဖျက်ရေး “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှုကို ဒီနှစ်ထဲ ထပ်မံလုပ်ဆောင်ဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

“ဇင်ယော်”လို့ အမည်ပေးထားတဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှုဟာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေနဲ့ တရားမဝင် လက်နက်ခဲယမ်းမှောင်ခိုတွေကို အဓိကထားတဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်ပါတယ်။

လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) ဟာ အရင်တစ်ကြိမ်လုပ်ခဲ့တဲ့ “ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးကို ဇန်နဝါရီ ၂၁ ရက် မနေ့တုန်းက တရုတ်နိုင်ငံ ကူမင်းမြို့မှာ လုပ်ခဲ့တယ်လို့ တရုတ်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီပူးပေါင်းလှုပ်ရှားမှု အစည်းအဝေးကို ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုက ဒေသတွင်း အွန်လိုင်းလိမ်လည်မှု၊ လက်နက်ခဲယမ်း မှောင်ခိုတိုက်ဖျက်ရေးကို ထိရောက်အောင် အကာအကွယ်ပေးနိုင်တယ်လို့ တရုတ်ဘက်က ပြောပါတယ်။

ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုကို အဓိကထားတဲ့ ရာဇဝတ်မှု ၁၆၀ ကို စုံစမ်းဖော်ထုတ်ပြီး တရားခံ ခုနစ်သောင်းကျော်ကို ဖမ်းဆီးနိုင်တဲ့အပြင် ပြည်သူ ၁၆၀ ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းကတော့ တရုတ်နဲ့ မဲခေါင်ဒေသတွင်းနိုင်ငံတွေပူးပေါင်းပြီး ကျားဖြန့်လုပ်ငန်းတွေကို ချေမှုန်းနိုင်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“ဒါနဲ့ ပတ်သက်ပြီးတော့ ခြိမ်းခြောက်မှုက ကြီးတယ်။ နောက်တစ်ခုက ထိုင်းမှာ သတင်းစာဖတ်ရင်လည်း သိသာတယ်။ တစ်ခုခုလုပ်ရတော့မယ်ဆိုတဲ့ အမြင်ကိုပေးနေတယ်ဗျ။ တစ်ဖက်ကလည်း မလုပ်ရင် မရတော့ဘူးဆိုတဲ့ အနေအထားမျိုး ရောက်လာတယ်ပေါ့နော်။ ယူဆရတာကတော့ သူတို့ ဒီကိစ္စကို ချေမှုန်းလိမ့်မယ်လို့ ယူဆတယ်"

တရုတ်အစိုးရဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ အရှေ့တောင်အာရှနိုင်ငံတွေက သံတမန်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက တောင်းဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေကတော့ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် အိမ်နီးချင်း နိုင်ငံတွေအနေနဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

(မှတ်ချက် - ဤသတင်းတွင် မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်း၏ မှတ်ချက်ကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။