တရုတ်အထူးကိုယ်စားလှယ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ

RFA Burmese
2025.03.10
တရုတ်အထူးကိုယ်စားလှယ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ တရုတ်နိုင်ငံရဲ့ အာဆီယံရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ၂ဝ၂၅ ခုနှစ် မတ်လ ၁ဝ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။
Photo: MOFA

တရုတ်နိုင်ငံရဲ့ အာဆီယံရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မတ်လ ၁၀ ရက်နေ့က လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာ-တရုတ်နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်နိုင်ဖို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ဒါ့အပြင် နယ်စပ်ဒေသမှာ ရှိနေတဲ့ အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှု ကွန်ရက်တွေ ပူးပေါင်းတိုက်ဖျက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ အခြေအနေကို ထုတ်ပြန်တာမရှိသေးပါဘူး။

တရုတ်အစိုးရအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီနဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ ဆွေးနွေးပွဲကိုလည်း မစ္စတာ တိန့်ရှီကျွင်းတက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း မစ္စတာ တိန့်ရှီကျွင်းဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။