မြန်မာတိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်တဲ့အပေါ် တရုတ်ကန့်ကွက်

RFA Burmese
2024.01.04
မြန်မာတိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်တဲ့အပေါ် တရုတ်ကန့်ကွက် ၂ဝ၂၂ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုကို တက်ရောက်လာသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝင်ဘင်း (Wang Wenbin)။
Photo: AFP

မြန်မာနယ်စပ်က တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရတဲ့အပေါ် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဘေဂျင်းမြို့မှာ ဇန်နဝါရီလ ၄ ရက်နေ့ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေရဲ့ မေးခွန်းကိုဖြေဆိုရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝင်ဘင်း (Wang Wenbin)က အခုလို ပြောလိုက်တာပါ။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက သတိနဲ့ စောင့်ကြည့်နေကြောင်း၊ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရတဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တရားဝင် ကန့်ကွက်ထားကြောင်း ဝမ်ဝင်ဘင်း (Wang Wenbin)က ပြောပါတယ်။

မြန်မာနယ်စပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ယူနန်ပြည်နယ် နန်ဆန်မြို့ထဲကို ကျရောက်တဲ့အတွက် တရုတ်နိုင်ငံသားငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းစာမှာ မနေ့က ဖော်ပြထားပါတယ်။

သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ အမြန်ဆုံး အပစ်ရပ်ကြဖို့၊ နယ်စပ်ဒေသ အေးချမ်းရေးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ နောက်ထပ် မထိခိုက်ရေးအတွက် ‌အလေးအနက်ထား လုပ်ဆောင်ကြဖို့လည်း ပြောခွင့်ရသူ ဝမ်ဝင်ဘင်း က ထပ်မံ တောင်းဆိုလိုက်ပါတယ်။

ဒါ့ပြင် တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။