တရုတ်အစိုးရ ဖမ်းထားတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦး အဆက်အသွယ်မရ
2023.10.24
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် လင်ချန်းမြို့ ကုန်စည်ပြပွဲသွားတက်ချိန် အဖမ်းခံလိုက်ရတဲ့ ကိုးကန့်ဒေသက လုပ်ငန်းရှင် ၁၁ ဦး အောက်တိုဘာ ၂၄ ရက် ဒီနေ့ တစ်လနီးပါး ကြာတဲ့အထိ အဆက်အသွယ် မရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
သူတို့ ၁၁ ဦး စက်တင်ဘာ ၃၀ ရက်နေ့က လင်ချန်းမြို့မှာရောက်ရှိနေစဉ် တရုတ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁ ရက် မနက်ပိုင်းမှာပဲ သူတို့တည်းခိုရာ ဟိုတယ်တွေမှာ နာမည်နဲ့တကွ လာရောက်ဖမ်းဆီးသွားတာပါ။
အဖမ်းခံရသူတွေထဲမှာ ကိုးကန့်ဒေသ ကာစီနိုနဲ့ ဟိုတယ်လုပ်ငန်းပိုင်ရှင် Fully Light အုပ်စု ဒါရိုက်တာ ဦးမောင်မောင်နဲ့ စီးပွားရေးသမားတွေ ဖြစ်ပါတယ်။
ဘာကြောင့် အဖမ်းခံရသလဲဆိုတာ အခုထိ မသိရသေးသလို မိသားစုနဲ့လည်း လုံးဝ အဆက်အသွယ်မရဘူးလို့ အဖမ်းခံထားရတဲ့ လုပ်ငန်းရှင်တစ်ဦးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
“ဖမ်းသွားတာ တစ်လပြည့်တော့မယ် ဘာအဆက်အသွယ်မှကို မရဘူး။ သူတို့ ဘယ်မှာရှိတယ်ဆိုတာလည်း မသိရဘူး။ အခုဟာက သူတို့ (တရုတ်ဘက်က) ဖိတ်ကြားလို့သွားတာ။ ပြန်ပေးဆွဲခံထားရသလို ဖြစ်နေတယ်။ ဘာသတင်းမှလည်း မေးလို့မရဘူး။ မိသားစုအနေနဲ့ကတော့ စိတ်ပူကြတာပေါ့”
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ကိုးကန့်ဒေသ အာဏာပိုင်တွေကို မိသားစုဝင်တွေက အကူအညီ တောင်းထားပေမယ့် ဘာမှ မထူးသေးဘူးလို့လည်း သူကဆိုပါတယ်။
ကိုးကန့် ဒေသဦးစီးအဖွဲ့ တာဝန်ရှိသူကတော့ ကိုးကန့်ဒေသ လုပ်ငန်းရှင်တွေ ဖမ်းဆီးခံရတဲ့ကိစ္စ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို တင်ပြထားတယ်လို့ RFA ကို ပြောပါတယ်။
အဲဒီကိစ္စအတွက် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးကို RFA က အီးမေလ်ကနေ ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။
ဒေသအတွင်း လုပ်ငန်းရှင်းတွေကတော့ သူတို့ ၁၁ ဦး ဖမ်းဆီးခံရတာဟာ ကိုးကန့်ဒေသ လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ပြောပါတယ်။
ကိုးကန့်အာဏာပိုင်တွေဟာ ဒေသတွင်း တရားမဝင် နေထိုင်တဲ့ တရုတ်နိုင်ငံသား ၃၇၇ ဦးကို စက်တင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တွေက ဖမ်းဆီးပြီး အောက်တိုဘာ ၇ ရက်နေ့က တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။
အဲဒီလူတွေကို ကိုးကန့်ဒေသ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်သူတွေအဖြစ် တရုတ်မီဒီယာတွေမှာ ဖော်ပြထားပေမယ့် ကိုးကန့် အာဏာပိုင်တွေကတော့ အဲဒီ လူ ၄၀၀ နီးပါးဟာ ဒေသအတွင်း တရားမဝင် ဝင်ရောက်လာသူတွေလို့သာ RFA ကို ပြောပါတယ်။
၂၀၂၃ ဩဂုတ်လဆန်းကနေ အောက်တိုဘာ ၁၄ ရက်နေ့အထိ နှစ်လကျော်အတွင်း “ဝ” နဲ့ ကိုးကန့်ဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်သူ ၄,၆၆၆ ဦးကိုဖမ်းဆီးပြီး တရုတ် ရဲတပ်ဖွဲ့ထံ ပြန်ပို့ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဌာနကထုတ်ပြန်ထားပါတယ်။