ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ၉ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မည်
2015.07.18
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်က မြို့နယ် ၉ ခုမှာ ဝင်ရောက်အရွေးချယ်ခံသွားမယ်လို့ ပြောပါတယ်။
ချင်းပြည်နယ်အပြင် ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ စစ်ကိုင်းတိုင်းမှာလည်း ဝင်ရောက်အရွေးချယ်ခံမယ်လို့ ဇိုမီးဒီမိုကရေစီအဖွ့ဲချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးကျင်စွမ်းမန်က ပြောပါတယ်။
"အဓိကတော့ ကျနော်တို့ ၂ဝ၁၅ ရွေးကောက်ပွဲ အောင်မြင်ဖို့အဓိက ဆွေးနွေးချက်ချတယ်၊ ပြီးတော့ အောင်နိုင်ရေးကော်မတီလည်း ၁၆ ဦးနဲ့ ဖွဲ့ထားတယ်၊ ပြီးတော့အဲ့ဒီမှာ သူတို့ကိုယ်စား လှယ်လောင်းတွေ ဖိတ်ခေါ်နေပြီ၊ အဲ့ဒီဥစ္စာကို ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မရှင်ကနေပြီးတော့ ဆုံးဖြတ်နေတယ်၊ အဲ့ဒါတော့ သူတို့အမြန်ဆုံးလုပ်မယ်ပေါ့"
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၂ ဦး အနိုင်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်မှာ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင် ခဲ့တာ ဖြစ်ပါတယ်။