တိုက်ပွဲကြောင့် ရသေ့တောင် ချင်းရွာက ဒေသခံတွေ ထွက်ပြေး
2019.11.19

ရသေ့တောင်မြို့နယ်မှာ ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ သပြေကျနဲ့ ပဲ့သဒူကျေးရွာနှစ်ရွာရှိပါတယ်။
အဲဒီကျေးရွာနှစ်ရွာအနီး ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်နဲ့ AA တိုက်ပွဲတွေဖြစ်ပွားပြီး လက်နက်ကြီးကျည်တွေ ရွာနားကျတာကြောင့် ဒေသခံ ၂ဝဝ ကျော်ဟာ မင်းပြားမြို့နယ်က သူဌေးကုန်းကျေးရွာကို ထွက်ပြေးလာ ကြပါတယ်။
ရွာလုံးကျွတ်ထွက်ပြေးလာတာလို့ သပြေကျရွာသူ ဒေါ်ရှင်မသာက ပြောပါတယ်။
“တိုက်ပွဲသံကြားနေလို့ ကြောက်ပြီး ထွက်ပြေးလာတာပါ၊ လက်နက်ကြီးတွေရော လက်နက်ငယ်ပစ်သံတွေရော ကြားပါတယ်၊ ရွာနားလည်း ကျပါတယ်၊ ကျမတို့နေတာက တောနယ်ဆိုတော့ တိုက်ပွဲဖြစ်မှာကြောက်လို့ ထွက်ပြေးလာတာပါ”
သူဌေးကုန်းကျေးရွာကိုရောက်ဖို့ ရေလမ်းကနေ ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းမြို့တွေကိုဖြတ်ပြီး ထွက်ပြေးလာကြတာဖြစ်ပါတယ်။
လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ ချင်းတိုင်းရင်းသားလူနည်းစုတွေဟာ နှစ်ဘက် လက်နက်ကိုင်အဖွဲ့ကို ကြောက်လန့်နေရတာကြောင့် အခက်အခဲ ပိုရှိတယ်လို့ ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများအဖွဲ့ CUSR ဥက္ကဋ္ဌ ဆလိုင်းထွန်းလှကျော်က ပြောပါတယ်။
“လူနည်းစုဖြစ်တဲ့အတွက်ကြောင့် နှစ်ဘက်ဖြစ်နေတဲ့အခြေအနေတွေမှာ စစ်တပ်ကိုလည်းကြောက်ရတယ်၊ AAကိုလည်းကြောက်ရတယ်၊ လွတ်လွတ်လပ်လပ်ပြောဆိုလို့မရတဲ့ အခြေအနေမှာရှိတယ်၊ ကျနော်တို့မြင်သလို ကြားသလို ပြန်ပြီးပြောလို့မရတာတွေရှိတယ်၊ ကျနော်တို့နှစ်ဘက်လုံးကိုကြောက်နေရတဲ့ အခြေအနေတွေ ရှိနေတယ်”
လက်ရှိမှာ ချင်းတိုင်းရင်းသားတွေ စားသောက်ရေးအတွက် မြို့နယ်အာဏာပိုင်တွေကဆန် ၂၃ အိတ် ထောက်ပံ့ပေးထားသလို့ ချင်းတိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း ကူညီပေးနေတယ်လို့ သိရပါတယ်။
ချင်းတိုင်းရင်းသားတွေ အခုလိုထွက်ပြေးနေရတာနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးပုန်းဆွေကို မေးမြန်းရာမှာတော့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကတော့ ရသေ့တောင်မြို့နယ် သပြေကျကျေး ရွာနားမှာ တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ပြောပါတယ်။
စစ်တပ်ကိုလည်း ကြောက်ရတယ်၊ AA ကိုလည်း ကြောက်ရတယ်
ရခိုင်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
လက်ရှိအချိန်ထိလည်း ရွာသားတွေဟာ တဖြည်းဖြည်း ဆက်လက်ထွက်ပြေးလာနေကြပြီး သွားရောက်ခိုလှုံတဲ့နေ ရာဟာ ရွာနဲ့ ဝေးကွာတာကြောင့် ဘာပစ္စည်းမှ မသယ်ယူနိုင်ကြဘူးလို့ သူတို့ကို ကူညီပေးနေတဲ့ သူဌေးကုန်းရွာ က ချင်းတိုင်းရင်းသူ ဒေါ်မနုဖြူက ပြောပါတယ်။
စစ်ရှောင်တွေမှာ အဝတ်အစား၊ အိပ်ယာ၊ စောင်၊ ခြင်ထောင် လိုအပ်တာမျိုးလိုနဲ့ နေထိုင်ဖို့ အခက်အခဲတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
“အခက်အခဲကတော့ စားဝတ်နေရေးပေါ့နော်၊ အဝတ်တွေလည်းပါမလားဘူး၊စောင်တွေ၊ ခြင်ထောင်တွေ၊ပုဆိုးတွေ ဘာမှပါမလာဘူး၊ဒီအတိုင်းထွက်ပြေးလာရတော့လေ၊ အိုးတွေခွက်တွေကော ဘာမှပါမလာတော့လေ ရွာကနေ ကောက်ပြီး ချက်ပြုတ်ကျွေးနေရတယ်၊ သူတို့ နေရေးထိုင်ရေးလည်း အဆင်မပြေဘူး နေရေးထိုင်ရေးအတွက် အဆောင်ဆောက်ဖို့က ပိုက်ဆံမရှိသေးဘူးဆိုတော့ ဒီအတိုင်းပဲ ကျောင်းမှာယာယီထားရတယ်”
ထွက်ပြေးလာတဲ့ ချင်းတိုင်းရင်းသားတွေထဲမှာ ကိုယ်ဝန်ဆောင်သည်တွေ၊ ကလေးတွေလည်းပါတာကြောင့် ကျန်းမာရေးစောက်ရှောက်မှုတွေ လိုအပ်နေသလို့ ကျောင်းသားတွေအတွက် စာအုပ်တွေလည်း လိုအပ်နေတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာနေထိုင်တဲ့ ချင်းတိုင်းရင်းသားတွေနည်းတူ ချင်းပြည်နယ် ပလက်ဝမှာရှိတဲ့ ချင်းတိုင်းရင်းသား ၁ ထောင်ကျော်ဟာလည်း တိုက်ပွဲတွေကြောင့် စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် စုစုပေါင်း ရှစ်သောင်းကျော်အထိ ရှိလာနေပြီလို့ အရပ်ဖက်အဖွဲ့တချို့က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။