မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂ ဖွဲ့စည်း
2015.04.30
ချင်းပြည်နယ်မှာ တက္ကသိုလ်ပညာရေးအဆင့်ထိ သင်ကြားနိုင်အောင် တောင်းဆိုသွားဖို့ ရည်ရွယ်ပြီး နေရာအနှံ့က တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ချင်းတိုင်းရင်းသား ကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး မြန်မာနိုင် ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းလိုက်ပါတယ်။
ချင်းပြည်နယ်မှာ ပညာရေးအဆင့်အတန်းမြင့်မားလာရေးအတွက် တောင်းဆိုသွားဖို့ သမဂ္ဂဖွဲ့စည်းလိုက် တာဖြစ်ကြောင်း ချင်းကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကလေးမြို့တက္ကသိုလ်က ဆလိုင်းဗန်ထောင်းထန် က ပြောပါတယ်။
"ချင်းပြည်နယ်မှာ တက္ကသိုလ် လောလောဆယ်မရှိသေးတော့ အားလုံးကနေရာအနှံ့အပြားမှာ ရောက်နေကြ တယ်၊ နေရာအနှံ့မှာရှိတဲ့ ချင်းတိုင်းရင်းသားအားလုံး တစ်စုတစ်စည်းတည်း စည်းစည်းလုံးလုံးနဲ့ ချင်းပြည်အတွက် ပဲဖြစ်ဖြစ် လူမျိုးအတွက်ပဲဖြစ်ဖြစ် အလုပ်လုပ်နိုင်ဖို့ အဓိကရည်ရွယ်တယ်၊ ချင်းကျောင်းသားသမဂ္ဂတို့ ချင်းပြည်နယ် ပညာရေးအပိုင်းတတ်နိုင်သလောက် ကျနော်တို့ကြိုးစားပြီးတော့မှ ချင်းနေရာက အခွင့်အရေးမရတဲ့နေရာမှာ အခွင့်အရေးရဖို့အတွက် ကျနော်တို့အစိုးရဘက်နဲ့လည်း ညှိနှိုင်းပြီးလုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတာပါ"
ချင်းပြည်နယ်က ချင်းတိုင်းရင်းသားကျောင်းသားတွေဟာ မြန်မာနိုင်ငံအနှံ့က တက္ကသိုလ်တွေမှာ ကျောင်းတက်နေကြ ရပြီး ပြန့်ကျဲနေတာကို ပိုမိုစည်းလုံးမှုရှိလာအောင် အခုလို သမဂ္ဂဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၇နဲ့ ၂၈ ရက်ကကျင်းပတဲ့ ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားထုညီလာခံမှာ ပခုက္ကူ၊ စစ်တွေ၊ မုံရွာ၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ကလေး စတဲ့ တက္ကသိုလ်တွေက ချင်းတိုင်းရင်းသား ကျောင်းသားကိုယ်စားလှယ်တွေ ဖွဲ့စည်းလိုက်ကြတာ ဖြစ်ပါတယ်။
ချင်းကျောင်းသားများ သမဂ္ဂအနေနဲ့ ချင်းတိုင်းရင်းသားတွေရဲ့ ပညာရေးအပြင် အမျိုးသားနိုင်ငံရေးမှာလည်း ပါဝင်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။