ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီစခန်းအားလုံးကို CNF သိမ်းယူ

RFA Burmese
2024.12.08
ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီစခန်းအားလုံးကို CNF သိမ်းယူ ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးအား ထန်တလန်မြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဥ်။
Citizen Photo

ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီရဲ့ အော်တိုတောင်စခန်းကို ချင်းအမျိုးသားတပ်ဦး (CNF/CNA) က သိမ်းယူလိုက်ပါတယ်။

ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီရဲ့ တစ်ခုတည်းကျန်ရှိတဲ့ အော်တိုတောင်စခန်းကို ဒီဇင်ဘာ ၈ ရက်နေ့ညနေမှာ သိမ်းယူလိုက်တာလို့ CN‌F ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောကြောင်း ချင်းဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ VOC သတင်းဌာနက ဖော်ပြပါတယ်။

အော်တိုတောင်စခန်းပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်တာတွေလည်း ရှိကြောင်း ဆလိုင်းထက်နီကပြောပါတယ်။

အလားတူ ဟားခါးမြို့အထွက် လွတ်လပ်ရေးကျောက်တိုင်နားမှာလည်း စစ်ကောင်စီနဲ့ ချင်းပြည်အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေကြောင်း ဆလိုင်းထက်နီက ပြောထားပါတယ်။

ချင်းပြည်နယ်က စစ်ကောင်စီစခန်းတွေ သိမ်းယူခံရကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီစခန်းတွေကို သိမ်းယူနိုင်ဖို့ နိုဝင်ဘာ ၂၂ ရက်နေ့က စတင်ထိုးစစ်ဆင်နေပြီး အဲဒီစစ်ဆင်ရေးကို Jericho လို့ နာမည်ပေးထားပါတယ်။ ဒီစစ်ဆင်ရေးအတွင်း အော်တိုတောင်စခန်း၊ ပွိုင့် ၃ စခန်း၊ C3 စခန်းအပါအဝင် စခန်း ခုနစ်ခုကို CNA ပူးပေါင်းတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီ စခန်းအားလုံးကို CNA ပူးပေါင်းတပ်က သိမ်းယူလိုက်ပြီလို့ ချင်းဒေသအခြေစိုက် မီဒီယာတွေက ရေးသားဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။