ရွေးကောက်ပွဲ နောက်ဆုတ်ပေးဖို့ ချင်းပါတီခေါင်းဆောင်တွေ တောင်း ဆို


2015.09.02
chin-zozan-620.jpg ရန်ကုန်မြို့ လမ်းမတော်ပလာဇာမှာ စက်တင်ဘာ ၂ ရက်နေ့က ကျင်းပတဲ့ NBF သတင်းစာရှင်းလင်းပွဲမှာ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံ နေရာအနှံ့မှာ သဘာဝဘေးဒဏ်ခံနေရတဲ့အတွက် လာမယ့်ရွေးကောက်ပွဲကို အနည်းဆုံး တစ်လနောက်ဆုတ်ပေးဖို့ ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထံ တောင်းဆိုထားတယ်လို့ ပါတီခေါင်းဆောင် တွေက ဒီနေ့ ပြောပါတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၃ နဲ့ ဖွဲ့စည်းထားတဲ့ NBF ခေါ် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းက ဒီနေ့ ရန်ကုန်မြို့ လမ်းမတော်ပလာဇာမှာ သတင်းစာ ရှင်းလင်းပွဲကျင်းပရာ NBF အဖွဲ့ဝင် ချင်းအမျိုးသား ဒီမိုကရက် တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောပါတယ်။

"ရွေးကောက်ပွဲကို အနည်းဆုံးတစ်လ နောက်ဆုတ်ပေးဖို့ဖြစ်တယ်၊ ကျနော်တို့ ချင်းတောင်မှာ သဘာဝဘေး အန္တရာယ်ကျရောက်နေတဲ့ကာလဖြစ်တယ်၊ ဒီလူတွေက မဲပေးဖို့မပြောနဲ့ နိုင်ငံရေးသမားလာ ရင်တောင်ကြောက်တဲ့ အနေအထားဖြစ်နေတယ်၊ ဒီဝေဒနာက သူတို့စိတ်ထဲမှာရှိနေတယ်၊ အဲ့ဒီကာလမှာ မဲလုပ်မယ်ဆိုရင်တော့ ကျနော်တို့ လိုချင်တဲ့မဲရမှာမဟုတ်ဘူး၊ ဗျောက်သောက်ဖြစ်မှာဘဲလေ၊ မှန်ကန်တဲ့ မျှတတဲ့၊ လွတ်လပ်တဲ့မဲစာရင်းတစ်ခု ထွက်လာဖို့ အင်မတန်ခက်လိမ့်မယ်"

အစိုးရအနေနဲ့ ရေဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေတာဟာ အင်အားကြီးပါတီအတွက် မဲဆွယ်ပေးသလိုနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်ခံရမှာကို စိုးရိမ်တယ်လို့ NBF အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီက ဦးဦးလှစောက ပြောပါတယ်။

"ကျနော်တို့စိုးရိမ်တာက ဒုက္ခရောက်နေတဲ့သူကို ပရဟိတအဖွဲ့တွေ၊ မြန်မာပြည်တစ်ပြည်လုံးက အဖွဲ့တွေလာပြီး အကူအညီပေးကြတယ်၊ နိုင်ငံတကာကလည်း ပေးတဲ့အဖွဲ့တွေကလည်းပေးတယ်၊ အစိုးရကလည်း ကယ်ဆယ်ရေးတွေပေးတယ်၊ ဒီလူတွေပေါ်မှာ အစိုးရနဲ့ အာဏာရပါတီဆိုတာ အတူတူပဲ၊ ပေးတဲ့အကူအညီပေါ်မှာ အမြတ်ထုတ်ပြီးတော့ နိုင်ငံရေးအမြတ်ထုတ်မှာစိုးတယ်၊ ကျနော်တို့က လုပ်စရာရှိတာလုပ်မှာပဲ၊ ဒီလိုဒုက္ခရောက်တဲ့အချိန်မှာ အကူအညီပေးရင်းနဲ့ ကြံ့ခိုင်ရေးပါတီကပေးတာ၊ အစိုးရပါတီကပေးတာကို ယူကိုယူပါ"

NBF အဖွဲ့ထဲမှာ အင်းအမျိုးသားဖံ့ွဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဓနုတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်အမျိုးသား ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ "ဝ" ဒီမိုကရက်တစ်ပါတီ စတဲ့ တိုင်းရင်းသားပါတီ ၂၃ ပါတီပါဝင်ပြီး လာမယ့် ရွေးကောက်ပွဲ မှာ ပြည်သူ့လွှတ်တော် အတွက် ၁၈၄ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၁၆ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်မှာ ၃၈၁ ဦးနဲ့ တိုင်းရင်း သားရေးရာ ဝန်ကြီးနေရာအတွက် ၂၉ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ရာကျော် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။