အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို CDF- Asho ဖမ်းဆီး
2025.01.05

ရခိုင်ပြည်နယ် အမ်းမြို့နယ် တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကိုဖမ်းဆီးရမိထားတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)-Asho က ဇန်နဝါရီ ၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲပြင်းထန်ပြီးနောက် မကွေးတိုင်းဘက်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တားဆီးပြီး ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ဖို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)-Asho ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။
“စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ တပ်သားတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို နေရာတွေကို သိရှိထားတယ်ဆိုရင် အနီးစပ်ဆုံးနေရာတွေကို သွားရောက်ပြီးတော့ အလင်းဝင်ကြဖို့ လက်နက်ချကြဖို့ အကြံပြုချင်ပါတယ်။ ဖမ်းဆီးရမိသလောက် စစ်သုံ့ပန်းတွေရဲ့ ဖြေကြားချက်တွေအရ ရှေ့တန်းစစ်မြေပြင်တွေမှာ တပ်မှူးတွေ စစ်ကြောင်းမှူးတွေ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးတာမျိုး၊ ရှေ့တန်းစစ်မြေပြင်က ပြေးတာမျိုးဆိုရင်တောင် ဖမ်းဆီးအရေးယူမှုတွေ ထောင်ချတာမလုပ်ဘဲ ထပ်ပြီးတော့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ခိုင်းဖို့ ဇွတ်အတင်းပို့ခံရတဲ့ကိစ္စတွေရှိတယ်။ ချိတ်ဆက်ပြီးတော့မှ တော်လှန်ရေးတပ်ဖွဲ့တွေကို ခိုလှုံကြဖို့ မှတ်ချက်ပေးချင်ပါတယ်”
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဆင်ခုံတိုင်ရွာနဲ့ တောင်ဇောက်ရွာအနီးမှာရှိတဲ့ စခန်းတွေက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၃ ရက်နဲ့ ဇန်နဝါရီ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ရာမှာ လက်နက်ငယ် ကိုးလက်အပါအဝင် ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
ဒါ့အပြင် မကွေးတိုင်း ၊ ငဖဲမြို့နယ်မှာရှိတဲ့ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ စေတုတ္တရာမြို့နယ်ဘက်ကို ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်း ထွက်ခွာလာတဲ့ အင်အား ၅၀ ဦး ခန့်ပါတဲ့ စစ်ကားနှစ်စီးကို ငဖဲမြို့နယ် ညောင်ကိုင်းရွာအနီးမှာ မင်းဘူးခရိုင်အမှတ်(၈)တပ်ရင်း၊ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပ.က.ဖ) နဲ့ ပူးပေါင်းပြီး ဇန်နဝါရီလ ၃ ရက်နေ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရသူအတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
အာရက္ခတပ်တော် (AA) က အမ်းမြို့နယ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို CDF - Asho က ပိတ်ဆို့ဖမ်းဆီးခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိထားတယ်လို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။