ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်လေးခုက ဒိုင်ရ်မျိုးနွယ်စုတွေ ပြန်လည်ပေါင်းစည်း
2024.05.29

ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနဲ့ ပလက်ဝမြို့နယ်တွေက ဒိုင်ရ်မျိုးနွယ်စုတွေ ပြန်လည်ပေါင်းစည်းပြီး ဒိုင်ရ်ဒေသန္တရကောင်စီကို ဖွဲ့စည်းလိုက်ကြောင်း ပထမအကြိမ် ဒိုင်ရ်ပြည်သူ့ညီလာခံက မေလ ၂၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ကိုလည်း ဖွဲ့စည်းသွားမှာဖြစ်ပြီး အင်အားစုစည်းတဲ့အနေနဲ့ ဖွဲ့စည်းတာလို့ ဒိုင်ရ်ဒေသန္တရကောင်စီ ဥက္ကဋ္ဌ ဆလိုင်းအောင်မင်းက RFA ကို ပြောပါတယ်။
"မြို့နယ်အသီးသီးမှာရှိတဲ့ ဒိုင်ရ်တပ်ရင်းတွေကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) အနေနဲ့ပြန်လည်ပေါင်းစည်းပြီး အင်အားပြန်လည်တည်ဆောက်တာပါ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်)အနေနဲ့ ရည်မှန်းချက်ပန်းတိုင်တူညီတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာရှင်စနစ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမှာပါ"
ဒိုင်ရ်ဒေသန္တရကောင်စီအနေနဲ့ ရည်မှန်းချက်ပန်းတိုင်တူတဲ့ တော်လှန်ရေးအင်အားစုအားလုံးနဲ့အတူ ဆက်လက်ပူးပေါင်း တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းနဲ့ ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် ချင်းတော်လှန်ရေးအင်အားစုအားလုံးနဲ့ အတူတကွ လက်တွဲပူးပေါင်းကြိုးပမ်းသွားမယ်လို့လည်း ကြေညာထားပါတယ်။
ပထမအကြိမ် ဒိုင်ရ်ပြည်သူ့ညီလာခံကို ၂၀၂၄ မေလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေမှာ ဒိုင်ရ်ဒေသတစ်နေရာမှာ ကျင်းပခဲ့တာလို့ ဆိုပါတယ်။
အဲဒီညီလာခံကို ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝမြို့နယ်တွေက ဒိုင်ရ်ဒေသကျေးရွာကိုယ်စားလှယ်တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ အထူးဖိတ်ကြားထားသူတွေနဲ့ လေ့လာသူတွေအပါအဝင် လူဦးရေ နှစ်ရာကျော် တက်ရောက်ခဲ့ပါတယ်။
မှတ်ချက် ။ ။ မူလသတင်းတွင် "ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်လေးခု ပြန်လည်ပေါင်းစည်း" ဟု ရေးသားထားသည်ကို "ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်လေးခုက ဒိုင်ရ်မျိုးနွယ်စုတွေ ပြန်လည်ပေါင်းစည်း" ဟု ပြင်ဆင်ရေးသားထားပါသည်။