ခင်ဦးမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေဆုံးပြီး ဒေသခံ ရှစ်ထောင်နီးပါး ထွက်ပြေး
2023.03.06

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မုံလှရွာအနီး စစ်ကောင်စီတပ်က မတ်လ ၆ ရက် မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက်ရှစ်နှစ်အရွယ် စစ်ဘေးဒုက္ခသည် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုကြောင့် မုံလှရွာအပါအဝင် ကျေးရွာခုနစ်ရွာက အရပ်သားရှစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး မုံလှရွာထဲကို ဝင်ရောက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မုံလှအရှေ့ဘက်က တောထဲကနေ ဂလုံရွာကို ဝင်တာပေါ့။ အဲဒီကနေ လှမ်းပစ်တော့ တောထဲမှာ စစ်ဘေးရှောင်နေတဲ့ မုံလှကလူကို မှန်တာပေါ့။ စစ်ဘေးရှောင်နေတဲ့ သရက်ပင်အောက်ကို လာကျတာပေါ့"
သေဆုံးသူရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မုံလှရွာအနီးက ဂလုံရွာကို ဝင်ရောက်စီးနင်းနေတယ်လို့ ဒေသခံက ဆိုပါတယ်။
ဒီစစ်ကောင်စီ စစ်ကြောင်းကြောင့် မုံလှရွာနဲ့ ဂလုံရွာအပါအဝင် ရွာ ခုနစ်ရွာက ဒေသခံတွေ တိမ်းရှောင်နေရတာပါ။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ ဒီအခြေအနေ တွေကို သူမသိသေးဘူးလို့ RFA ကို ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UN OCHA) ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခြောက်သိန်းခွဲ ဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။