မြန်မာနိုင်ငံမှာ ကလေးငယ်တွေ အကြမ်းဖက်သတ်ဖြတ်ခံရမှု ပိုတိုးလာနေ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.06.28
မြန်မာနိုင်ငံမှာ ကလေးငယ်တွေ အကြမ်းဖက်သတ်ဖြတ်ခံရမှု ပိုတိုးလာနေ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မူကြိုကျောင်းတစ်ကျောင်းပေါ် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့သောကြောင့် သေဆုံးခဲ့ရသည့် ငါးနှစ်သမီးတစ်ဦး။
Photo: Karenni's Voice

မြန်မာနိုင်ငံက အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်ခံနေရဆဲပဲလို့ ၂၀၂၃ ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

မြန်မာကလေးသူငယ်တွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဟာ ၂ဝ၂၁ ခုနှစ်ကထက် ၂ဝ၂၂ ခုနှစ်မှာ ပိုဆိုးလာတယ်လို့ ဆိုပါတယ်။

ဒီလုပ်ရပ်တွေကို မြန်မာစစ်ကောင်စီတပ်တွေက အများဆုံးကျူးလွန်နေတာဖြစ်ပြီး တခြားတိုင်းရင်းသား လက်နက်ကိုင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂ဝ၂၂ ခုနှစ်ထဲမှာ ကလေးငယ် သတ်ဖြတ်ခံရတာနဲ့ ဒဏ်ရာရတဲ့အမှုပေါင်း ၅၂၁ မှု ရှိခဲ့ပြီး စစ်ကောင်စီဘက်က အမှုပေါင်း ၃၇၇ မှုကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

Children 2 .jpg
စစ်ပွဲများကြား ထွက်ပြေးနေရသည့် ကယားပြည်နယ်က ကလေးငယ်များ (File Photo: Karenni's voice)

PDF တပ်ဖွဲ့တွေက ကျူးလွန်တဲ့အမှု ကိုးမှုနဲ့ ကျန်တဲ့အမှုပေါင်း ၁၃ဝ ကျော်ကိုတော့ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရဘူးလို့ ဖော်ပြပါတယ်။

ကျောင်းနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံရတဲ့ အကြိမ်ပေါင်း ၁ဝ၅ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဘက်က ၆၆ ကြိမ်၊ PDF ဘက်က ၁၂ ကြိမ်နဲ့ ကျန်တဲ့တိုက်ခိုက်မှုတွေကိုတော့ ဘယ်သူဘယ်ဝါ အတည်မပြုနိုင်ဘူးလို့လည်းဆိုပါတယ်။

စစ်ကောင်စီတပ်ရော တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာပါ အသက်မပြည့်သေးတဲ့ ကလေးစစ်သားစုဆောင်းမှုတွေ ဆက်ရှိနေတယ်လို့လည်း ဖော်ပြပါတယ်။

၂ဝ၂၂ ခုနှစ်ထဲမှာ စစ်ကောင်စီတပ်က ၁၁၂ ယောက်၊ BGF တပ်က ၃၅ ယောက်၊ ကချင်လွတ်မြောက်ရေးတပ် KIA က ၄၉ ယောက်၊ PDF ဘက်က ၁၈ ယောက် ကလေးတပ်သား စုဆောင်းခဲ့တယ်လို့ ပါရှိပါတယ်။

children 3.jpg
ကယားပြည်နယ်တွင်းမှာ လှုပ်ရှားနေသည့် Free Burma Rangers အဖွဲ့ဝင်များက ကလေးငယ်များနှင့်အတူ ဆော့ကစားနေစဉ်။ (Photo: Free Burma Rangers)

မြန်မာစစ်ကောင်စီဟာ ကလေးငယ်တွေ၊ အကူအညီပေးရေး လုပ်ကိုင်နေသူတွေအပါအဝင် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် စိုးရိမ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကလေးငယ်တွေကို ပြန်လွှတ်ပေးဖို့နဲ့ စစ်ကောင်စီအပါအဝင် လက်နက်ကိုင်အဖွဲ့တွေ အားလုံးအနေနဲ့ ကလေးသူငယ်အခွင့်အရေးတွေကို လေးစားလိုက်နာဖို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။