ဒု-ရဲအုပ် ချယ်ရီထက်အမှု တရားလိုပြ သက်သေတွေကို စစ်ဆေး

2021.12.15
ဒု-ရဲအုပ် ချယ်ရီထက်အမှု တရားလိုပြ သက်သေတွေကို စစ်ဆေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက် ကို ၂၀၂၀ ခုနှစ် ဇွန် ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ တွေ့ရစဉ်
Photo - Cherry Htet - facebook

ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့် ဒု-ရဲအုပ် ချယ်ရီထက်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က) အမှုကို နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ တရားလိုပြ သက်သေတွေကို ဒီဇင်ဘာ ၁၅ ရက် ဒီနေ့ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တရားလိုပြသက်သေအဖြစ် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းမှာ ရှာဖွေသက်သေ နှစ်ယောက် ကို စစ်ဆေးဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒီနေ့ စစ်မေးချက် အသေးစိတ်ကို မသိရသေးပါဘူး။ ရုံးချိန်းကို နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၂၂ ရက် ကို ပြန်လည်ချိန်းဆိုထားပါတယ်။

ဒု-ရဲအုပ် ချယ်ရီထက် ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ဇွန်လက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာ နဲ့ ဆက်သွယ်ပြီး ဒေါ်သီရိရတနာက တောတွင်းစခန်းချနေမှုတွေ၊ လက်နက် ကိုင်ဆောင်တဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ သတင်း ထုတ်ပြန်ချက်တွေ ပေးပို့တာ၊ ပြည်ပသတင်းဌာနတွေရဲ့သတင်းရုပ်သံဖိုင်တွေ အပြန်အလှန် ပေးတာတွေ လုပ်ခဲ့တယ် ဆိုပြီး အမှုဖွင့်ခံရတာလို့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ချယ်ရီထက်က လူမှုကွန်ရက်စာမျက်နှာမှာ MayMi အကောင့်နဲ့ မတ်လအတွင်း “ မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့ ” ၊ We Love Daw Aung San Su Kyi Page က တင်ထားတဲ့ “ လွမ်းလိုက်တာအမေ ” ဆိုတဲ့စာသားကို ဝေမျှခဲ့တယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အကြီးအကဲ တာဝန်ယူချိန် ပြည်ထဲရေးဝန်ကြီးဌာနက ဒု-ရဲအုပ် ချယ်ရီထက် ကို သက်တော်စောင့်အဖြစ် တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒု-ရဲအုပ် ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆုံးနေခဲ့ရသူဖြစ်ပြီး နိုင်ငံတော်အဆင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေမှာ ဘေးကနေ အမြဲလိုက်ပါခွင့်ရခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။