တရုတ်သံအမတ် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့
2023.03.10

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးထံ မတ်လ ၇ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာအခြေအနေတွေ မေးမြန်းခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေ မှာ ဖော်ပြပါတယ်။
တရုတ်သံအမတ်ကြီးက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေ၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေ ပြဌာန်းမှု၊ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့် လျှောက်ထားမှု၊ အီလက်ထရောနစ်စနစ်နဲ့မဲပေးနိုင်ရေးအခြေအနေတွေနဲ့ အချိုးကျ ကိုယ်စားပြုစနစ်တွေအကြောင်း မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ကော်မရှင်ဘက်ကလည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေတာတွေ၊ နိုင်ငံရေး ပါတီတွေရဲ့ အခြေအနေတွေကို ပြန်ရှင်းပြခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ စစ်ကောင်စီက ကျင်းပပြုလုပ်ပေးမယ့် ရွေးကောက်ပွဲ ဘယ်လိုအခြေအနေရှိလဲဆိုတာကို အသေးစိတ်သိချင်တဲ့အတွက် တရုတ်ဘက်က သွားရောက်စုံစမ်းတာ ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။
"အခုရွေးကောက်ပွဲကော်မရှင်ကို သွားရောက်တွေ့ဆုံတာကလည်း ဒီရွေးကောက်ပွဲ စနစ်တွေ ပြောင်းမယ်ဆိုတဲ့ အခါကျတော့ အဲဒါတွေက ညစ်ပတ်ထားတဲ့ ဟာမျိုးလား။ ဒါမှမဟုတ် ဘယ်လိုလဲဆိုတာ အသေးစိတ်သိချင်လို့ နေလိမ့်မယ်။ သူတို့လည်း ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲစနစ်တွေကို သိတာဆိုတော့ နစက လုပ်မယ့် ရွေးကောက်ပွဲက တရားမျှတမှု ရှိ၊ မရှိ ဆိုတာတွေ သိချင်လို့ဖြစ်ပါလိမ့်မယ်"
တရုတ်သံအမတ်ကြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံ သွားရောက်တွေ့ဆုံမှုဟာ ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလကလည်း တစ်ကြိမ် သွားရောက်တွေ့ဆုံခဲ့ ပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ အထူး ကိုယ်စားလှယ် Mr. Deng Xijun နေပြည်တော်မှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယအကြိမ် သွားရောက်တွေ့ဆုံခဲ့ပြီး စီးပွားရေးကဏ္ဍ အပါအဝင် နယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ ၂၀၂၃ မှာ ရွေးကောက်ပွဲကို အကြားအလပ်မရှိ ကျင်းပမယ်လို့ မကြာခဏထုတ်ဖော် ပြောဆိုခဲ့ပေမယ့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ တိုင်းပြည်ဟာ ပုံမှန်အခြေအနေမှာ ရှိမနေဘူးဆိုပြီး အရေးပေါ် ကာလကို ခြောက်လ သက်တမ်းတိုးခဲ့ပါတယ်။
စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါဝင် မှတ်ပုံတင်တဲ့ ပါတီ ၁၇ ပါတီ ရှိလာပြီလို့ မတ်လ ၈ ရက်နေ့ မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို စစ်ကောင်စီက တိတိကျကျ မသေချာသေးပေမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွေကို လာမယ့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ ကောက်ယူမယ်လို့ ကြေညာထားတာကြောင့် ရွေးကောက်ပွဲဟာ ၂၀၂၅ ကျမှ ဖြစ်တော့မယ် လို့လည်း နိုင်ငံရေးသုံးသပ်သူတွေက ပြောကြပါတယ်။