အငှားယာဉ်တွေကို အထူး စီမံချက်နဲ့ စစ်ဆေးမည်
2018.01.29
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အငှားယာဉ်တွေကို ငှားစီးရင်းကနေ မှုခင်းဖြစ်ပွားမှု မရှိအောင် လာမယ့် ဖေဖော်ဝါရီလ ကစပြီး အငှားယာဉ်တွေကို အထူးစီမံချက်နဲ့ စစ်ဆေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ဒီနေ့ ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားနေတဲ့ မှုခင်းတွေကို လျော့ချနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ဒီစီမံချက်ကို ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ နဲ့ YRTA ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ YRTA က အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောပါတယ်။
"အဓိကကတော့ စည်းကမ်းပိုင်းပါပဲ၊ စည်းကမ်းပိုင်းမှာ စတစ်ကာတွေ ကပ်ထားတာ လုံး၀ အထဲမမြင်ရတာတွေ Taxi ကို ကြည့်တာနဲ့ အပြင်ရော အထဲရော အကုန်လုံး မြင်လို့ရအောင် မြင်သာထင်သာရှိအောင်လုပ်မယ်၊ ဟိုတနေ့က FDA က အမျိုးသမီး အသတ်ခံရတဲ့ကားဆိုရင် ကျနော်တို့ရဲ့ စီးတီးတက္ကစီမှာ မှတ်ပုံတင်ထားတဲ့ သက်တမ်းက ကျော်နေပြီ၊ သက်တမ်း မရှိတော့ဘူး၊ ဖြစ်တဲ့အချိန်မှာ တကယ်တမ်း မှတ်ပုံတင်ထားတဲ့ သူနဲ့ မောင်းတဲ့သူနဲ့က မတူဘူး၊ ဒါမျိုးတွေပေါ့ လိုက်စစ်ဆေးဖို့ရှိပါတယ်"
ယာဉ်ငှားစီးရာကနေ ယာဉ်မောင်းနဲ့ ခရီးသည်တွေအကြား လုယက်မှု၊ ရာဇဝတ်မှုတွေ မဖြစ်ပေါ်အောင် ကာကွယ် တားဆီးတဲ့အနေနဲ့ ဖေဖော်ဝါရီလ ပထမပတ်ကစပြီး အငှားယာဉ်တွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အညီ ဆောင်ရွက်ခြင်း ရှိ မရှိကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
FDA က ဝန်ထမ်း အမျိုးသမီးတစ်ဦး ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၀ ရက်နေ့က လှည်းတန်းလမ်းဆုံကနေ နေအိမ်ရှိရာ ဒဂုံမြို့နယ်ကိုအပြန် အငှားယာဉ် ငှားစီးရာမှာ ယာဉ်မောင်းက အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်တဲ့ ယာဉ်မောင်း မောင်းနှင်တဲ့ယာဉ်က စီးတီးတက္ကစီ မှတ်ပုံတင်သက်တမ်း ကုန်လွန်နေတာ၊ မှတ်ပုံ တင်ထားတဲ့သူနဲ့ ယာဉ်မောင်းနှင်တဲ့သူနဲ့ မတူတာကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်မှာ အခုလို အငှားယာဉ်တွေကို စစ်ဆေးဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ယာဉ်မောင်းအမည်၊ ယာဉ်ပိုင်ရှင် ယာဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ယာဉ်ငှားစီးသူမြင်အောင် မှတ်ရလွယ်အောင် ယာဉ်မောင်းထိုင်တဲ့ ခုံရဲ့ နောက်မှာ ကြေညာပေးတာတွေ ဆောင်ရွက်သွားမယ်လို့လည်း YRTA က အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။
ရန်ကုန်မြို့မှာ ရန်ကုန်လိုင်စင်နဲ့ အငှားယာဉ် အစီးရေ ၆ သောင်း ကျော် ရှိပြီး စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ထားတဲ့ အစီးရေက ၄ သောင်းကျော် ရှိတာဖြစ်ပါတယ်။