CNG အငှားယာဉ်တွေကို စက်သုံးဆီ မရောင်းဖို့ စစ်ကောင်စီတားမြစ်

RFA Burmese
2023.12.10
CNG အငှားယာဉ်တွေကို စက်သုံးဆီ မရောင်းဖို့ စစ်ကောင်စီတားမြစ် ရန်ကုန်မြို့က Taxi အငှားယာဉ်များ CNG ဖြည့်ဖို့ စောင့်ဆိုင်းနေတာကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

သဘာဝဓာတ်ငွေ့ (CNG) သုံး အငှားယာဉ် (Taxi) တွေကို စက်သုံးဆီမရောင်းဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီရဲ့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်က ပြောပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွေကနေ စက်သုံးဆီနဲ့ပတ်သက်ပြီး ပြောကြားချက်တွေကို ဖော်ပြရာမှာ အခုလို ထည့်သွင်းပြောထားတာပါ။

CNG အငှားယာဉ်တွေဟာ စက်သုံးဆီ မလိုအပ်ဘဲ တခြားနည်းနဲ့ အသုံးပြုဖို့ ဝယ်နေကြတယ်လို့လည်း ဦးသန်းဇော်က စွပ်စွဲထားပါတယ်။

“CNG Taxi တွေကလည်း စက်သုံးဆီကို မလိုအပ်ဘဲ အခြားနည်းနဲ့အသုံးပြုဖို့ ဝယ်နေကြတယ်လို့ ကြားသိရတဲ့အတွက် CNG Taxi တွေကို စက်သုံးဆီ လုံးဝ မရောင်းဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်”

ဒါ့အပြင် စက်သုံးဆီကို အကြိမ်ကြိမ် ထုတ်ယူသိုလှောင်ပြီး အမြတ်တင် ရောင်းချနေတာမျိုးတွေ ရှိတယ်လို့လည်း ဦးသန်းဇော်က ပြောပါတယ်။

ရန်ကုန်မြို့က CNG အငှားယာဉ်မောင်း တစ်ဦးကတော့ စက်သုံးဆီဆိုင်တွေမှာ CNG အငှားယာဉ်တွေ ဆီဖြည့်တာရှိပေမယ့်လည်း ပြန်ရောင်းစားတာမျိုးမဟုတ်ဘဲ CNG ပြတ်သွားတဲ့အခါ စက်သုံးဆီနဲ့ မောင်းနှင်ဖို့ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

အခုရက်ပိုင်း စက်သုံးဆီတွေကို ပုံမှန်ထက် ပိုဝယ်ယူမှုရှိနေပြီး ဆီသယ်ယာဉ် မရောက်ခင် စက်သုံးဆီဆိုင်တွေ ခေတ္တအရောင်းရပ်ထားရတဲ့ အခြေအနေရှိပေမယ့် ပြည်တွင်းထဲမှာ စက်သုံးဆီ အလုံအလောက် ရှိတယ်လို့ စက်သုံးဆီကြီးကြပ်ရေးကော်မတီက ဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံတစ်ဝန်း စက်သုံးဆီ မလုံလောက်မှု ဆက်ဖြစ်ပြီး စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာ စက်သုံးဆီ တစ်လီတာကို ပြင်ပပေါက်ဈေး ငွေကျပ်ငါးထောင်ကနေ ခြောက်ထောင်အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။