ချောက်မြို့မှာ အသက်မပြည့်သူ ၂၀ ခန့် ဖမ်းဆီးခံထားရ
2022.02.24
မကွေးတိုင်း ချောက်မြို့က အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေး ၂၀ ခန့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကပင် ဒီနေ့အထိ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူတို့ဟာ ရှစ်တန်း၊ ကိုးတန်းနဲ့ ဆယ်တန်းကျောင်းသူ၊ ကျောင်းသားတွေဖြစ်ပြီး စစ်တပ် စစ်ကြောရေးမှာ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
"လက်ရှိ သူတို့ရဲ့ အခြေအနေကတော့ ချောက်စစ်တပ်က ဖမ်းထားတယ်။ အကြမ်းဖက် စစ်ဆေးနေတယ်။ ခေါင်းဆောင်လို့ သူတို့ထင်တဲ့ ပထမဆုံးဖမ်းမိတဲ့ကလေးကိုတော့ ဆေးလိပ်မီးနဲ့ လိင်အင်္ဂါကို တို့ပြီး စစ်ဆေးနေတယ်လို့ ကြားရတယ်ဗျ"
ဖမ်းဆီးခံရသူထဲမှာ အမျိုးသမီးငယ် ငါးဦးခန့်ပါဝင်ပြီး အသက် ၁၄ နှစ်ကနေ ၁၆ နှစ်ဝန်းကျင်တွေ ဖြစ်တယ်လို့ ပြောပါတယ်။
သူတို့ဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာပြုလုပ်မယ့် ၂ ခြောက်လုံး လူထုလှုပ်ရှားမှု နှိုးဆော် စာတွေနဲ့အတူ ချောက်မြို့ ရွှေပုံတောင်ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၁ ရက် ညနေ ၅ နာရီ လောက်က ဖမ်းဆီးခံရတာလို့လည်း ပြောပါတယ်။
မကွေးလူထုတိုက်ပွဲကော်မတီကတော့ အခုလို ဖမ်းဆီးနှိပ်စက်မှုတွေဟာ ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်ပြီး နောက်ဆက်တွဲဖြစ်ရပ်တွေကို စစ်ကောင်စီက တာဝန်ယူရမယ် ဖေဖော်ဝါရီလ ၂၃ ရက် မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။
အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ်မှာ အခုလို မတရားဖမ်းဆီး အကြမ်းဖက်တာ မျိုးကိုလည်း လုံးဝလက်မခံဘူးလို့ မကွေးလူထုတိုက်ပွဲကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။