စစ်ကောင်စီဥက္ကဋ္ဌနဲ့ တရုတ် အထူးကိုယ်စားလှယ် နယ်စပ်အရေး ဆွေးနွေး
2023.07.29

တရုတ်- မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တစ်လကျော်ကြာ တိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တရုတ် အထူး ကိုယ်စားလှယ်တို့ နယ်စပ်တည်ငြိမ်ရေး ဆွေးနွေးခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း တို့ ဇူလိုင်လ ၂၈ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တာလို့ ဇူလိုင်လ ၂၉ ရက် ဒီကနေ့မှာ စစ်ကောင်စီသတင်းစာ တွေက ဖော်ပြပါတယ်။
ဒီတွေ့ဆုံမှုမှာ၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ မြန်မာနိုင်ငံရေး အခြေအနေ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအခြေအနေ၊ အွန်လိုင်း လောင်းကစားမှုနဲ့ အွန်လိုင်းလိမ်လည်မှု လျှော့ချနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေ တွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီသတင်းစာတွေက ရေးသားပါတယ်။
တရုတ် - မြန်မာနယ်စပ် ကချင်ပြည်နယ် လိုင်ဇာအနီးတစ်ဝိုက်နဲ့ မြစ်ကြီးနားမြို့နယ် အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲတွေ ဇွန်လကစလို့ တိုက်ပွဲတွေပြင်းထန်နေတာပါ။
တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် မြန်မာနိုင်ငံ လာရောက်တဲ့ ဇူလိုင်လ ၂၈ ရက် နဲ့ ဇူလိုင်လ ၂၉ ရက်မှာ တော့ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိပေမယ့် စစ်ရေးတင်းမာနေ ဆဲပဲလို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်ကောင်စီတပ်က KIA ဌာနချုပ် လိုင်ဇာအနီးကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်အင်အား တစ်ထောင်နီးပါးနဲ့ ထိုးစစ်ဆင်နေတာပါ။
KIA သတင်းနဲ့ ပြန်ကြားရေးဌာနက စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲပေါင်း နှစ်ထောင်နီးပါး ဖြစ်ပွားခဲ့ပါတယ်။