စစ်ကောင်စီဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ သေနတ်နဲ့အပစ်ခံရ

2022.04.07
စစ်ကောင်စီဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ သေနတ်နဲ့အပစ်ခံရ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို တွေ့ရစဉ်
Photo: CJ

စစ်ကောင်စီရဲ့ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ သူနေထိုင်တဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က ရွှေဂုံရိပ်မွန် အိမ်ရာမှာ ဒီနေ့မနက်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ရွှေဂုံရိပ်မွန်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ကျမတို့ကတော့ စစ်ကားတွေ အများကြီး ရောက်လာမှ သိတာ။ တစ်ခုခု ထူးတယ်ပေါ့။ ရပ်ကွက်ထဲက အမျိုးသမီးတစ်ယောက် အပစ်ခံရတယ်ဆိုတာ သိတာ။ ပထမတော့ ဘဏ်ဝန်ထမ်းဆိုတာပဲ သိတယ်။ နောက်ပိုင်း သတင်းတက်လာမှ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌမှန်း သိတာ။ ဖြစ်စဉ်ကတော့ ၉ နာရီလောက်မှာ ဖြစ်တာပါ" လို့ သူက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ သေနတ်နဲ့ အပစ်ခံရတယ်ဆိုတာ မှန်ကန်ပြီး လက်ရှိမှာ ဆေးရုံတင်ထားရတယ်လို့ RFA ကို ပြောပါတယ်။

"မနက်ပိုင်းကတော့ ၁၁ နာရီခွဲလောက်က အပစ်ခံရတယ်လို့ သိရတယ်။ အဲဒါတော့ အတည်ပြုနိုင်ပါတယ်။ ဒဏ်ရာ ရရှိသွားတာ ရှိတယ်။ တပ်မတော် ဆေးရုံမှာ ကုသလျက် ရှိတယ်။ အခုထိ အခြေအနေ ကောင်းတယ်လို့ သိရပါတယ်"

သူ့ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဒေါ်သန်းသန်းဆွေဟာ ဗဟိုဘဏ်မှာ တာဝန်ထမ်းဆောင်နေတာ ကြာပြီဖြစ်ပြီး စစ်ကောင်စီ လက်ထက်မှာ ဘဏ်ဒုတိယဥက္ကဋ္ဌ ဖြစ်လာကြောင်း၊ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နိုင်ငံမှာ ပေါ်ပေါက်လာတဲ့ စီးပွားရေး အခြေအနေတွေအရ စစ်ကောင်စီရဲ့ ရွှေ၊ ဒေါ်လာ ကြီးကြပ်ရေး အဖွဲ့တာဝန်ခံ အဖြစ် တာဝန်ယူထားသူ တစ်ဦးဖြစ်တယ်လို့ နေပြည်တော်က သတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒီပစ်ခတ်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Edward
2022-10-24 09:52

အမြန်ဆုံးရှင်းပစ်လို့လိုနေတာကြာလှပြီး။ ဆန်ကုန်မြေလေးဒီဘဲဖြစ်တယ်။