KIO ထိန်းချုပ်မြေမှာ သူတို့ခွင့်ပြုမှ သန်းခေါင်စာရင်းကောက်မည်
2014.03.31

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကေအိုင်အို ထိန်းချုပ်နယ်မြေက ကျေးရွာတွေမှာ ကေအိုင်အိုက ခွင့်ပြုမှသာ ကောက်ခံဖို့ သန်းခေါင်စာရင်းဝန်ထမ်းတွေ ကို ညွှန်ကြားထားကြောင်း လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ က ပြောပါတယ်။
ကေအိုင်အိုအဖွဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ကျေးရွာတွေ သန်းခေါင်စာရင်းကောက်ခံမှု အခြေအနေနဲ့ ပတ်သက် ပြီး နေပြည်တော်လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးး ဒေါက်တာဒေါ် ခိုင်ခိုင်စိုးက အခုလို ပြောပါတယ်။
"ကချင်ပြည်နယ်ဘက်မှာ ကောက်လို့ရတဲ့ အတိုင်းအတာအထိ ကောက်ပါတယ်၊ ကေ အိုင်အေ ထိန်းချုပ်နယ်မြေကနေပြီးတော့ မကောက်ပါနဲ့လို့ သူတို့ဟန့်တားလာတယ် ဆိုရင်တော့ ကျမတို့ဘက်က ဆရာမတွေက အခြေအနေ အတိုင်းအတာတစ်ခု အထိ စောင့်ပြီးတော့ ကြည့်နေပါတယ်၊ တချို့ရွာလေးတွေမှာ ကျမတို့ သတင်းရထားပါတယ်၊ အသေအချာမသိရသေးပါဘူး၊ တချို့ရွာလေးတွေမှာ စာရင်းကောက်မယ်ဆိုတာ လက်မခံဘူးဆိုတဲ့ အချက်အလက်လေးတွေ ကျမတို့ရထားပါတယ်၊ အဲဒီတော့ ဆရာမတွေစောင့်ပါ၊ ညှိနှိုင်းပါ၊ ကောက်လို့ရတဲ့ အချိန်ကောက်ပါ၊ မရဘူးဆိုရင်လည်း စောင့်နေပါလို့ ကျမတို့ အဲလိုညွှန်ကြားထားပါတယ်"
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာမှာ ကျင်းပနေတဲ့ မြန်မာနိုင်လုံးဆိုင်ရာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် သင်းလုံးကျွတ်ဓမ္မသဘင် ညီလာခံမှာလည်း မနေ့ကစပြီး သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ ဖားကန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဋ္ဌာနက ဦးဇော်မင်းက ပြောပါတယ်။
"ကျနော်တို့ဘက်မှာ စနစ်တကျ အဲဒါကိုသင်တန်းပေးထားတဲ့ လူငယ် ၇ ယောက်ပါရှိပါတယ်၊ စာရင်းကောက် ၇ ယောက်နဲ့ကောက်ပါတယ်၊ ဒီကနေ့ညနေမှ ပြီးမှာပါ၊ အားလုံးကောက်ယူနေဆဲ ဖြစ်တဲ့အတွက်ကြောင့် စာရင်းဇယားတော့ မပြောနိုင်သေးပါဘူး"
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် သင်းလုံးကျွတ် ဓမ္မသဘင်ညီလာခံကို အနယ်နယ်အရပ်ရပ်က ကချင်တိုင်းရင်းသား သောင်းဂဏန်းအထိ တက်ရောက်ကြတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာလည်း မနေ့ကစပြီး သန်းခေါင်စာရင်း ကောက်ယူနေရာမှာ ဒီနေ့အထိ အိမ်ထောင်စုပေါင်း ၃၄၀၀ ကျော် စာရင်းကောက်ယူပြီးဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာလို့ ထည့်သွင်းရေးသားခွင့်မပြုဖို့ အစိုးရက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်တဲ့အတွက် ရိုဟင်ဂျာလို့ ထည့်သွင်းဖြည့်စွက်လိုသူတွေက သန်းခေါင်စာရင်းကို ကန့်ကွက်နေကြတယ်လို့လည်း သိရပါတယ်။
ကချင်ပြည်နယ် သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာ အစိုးရက ရိုဟင်ဂျာလို့ ထည့်သွင်းရေးသားခွင့် မပေးတဲ့အတွက် ရိုဟင်ဂျာလို့ ထည့်သွင်းလိုသူတွေက သန်းခေါင်စာရင်းကောက်ယူမှုကို ငြင်းဆန်နေကြတာတွေရှိနေပါတယ်။ အလားတူပဲ မြိုတိုင်းရင်းသားတွေကလည်း သူတို့ကို ခမီလူမျိုးစု ကုတ်နံပါတ်မှာ ထည့်သွင်းဖေါ်ပြတဲ့အတွက် ကန့်ကွက်နေကြပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားပါတယ်။
ရိုဟင်ဂျာ ရှိတယ်၊ မရှိဘူး အငြင်းပွားနေမှုနဲ့ ပတ်သက်ပြီး RFA အဖွဲ့သူ ဒေါ်ခင်ခင်အိရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါပြီ။