အင်းတော်မှာ CDM ဆရာမ သုံးဦး အပါအဝင် ၁၉ ဦး ဖမ်းဆီးခံရ

RFA Burmese
2023.03.06
အင်းတော်မှာ CDM ဆရာမ သုံးဦး အပါအဝင် ၁၉ ဦး ဖမ်းဆီးခံရ အင်းတော်မြို့တွင် မြေမြှုပ်မိုင်းပေါက်ကွဲခဲ့သည့် နေရာအား ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Indaw Revolution - IR

စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့မှာ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မတ်လ ၃ ရက်ကနေ ၅ ရက်နေ့အထိ သုံးရက်အတွင်း CDM ဆရာမ သုံးဦး အပါအဝင် အရပ်သား ၂၂ ဦး ဖမ်းဆီးခံရပြီး မနေ့က သုံးဦး ပြန်လွတ်လာတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။

မတ်လ ၃ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် သူတို့နဲ့ ဆက်စပ်တယ်လို့ ယူဆရသူတွေကို သံသယနဲ့ ဆက်တိုက် ဖမ်းဆီးနေတာလို့ အင်းတော်မြို့နယ် PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ဒီနေ့ ပြောပါတယ်။

“မတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာ ပကဖ PDF ရဲဘော် လူငယ်နှစ်ယောက် အဖမ်းခံလိုက်ရတာပေါ့၊ အဲဒီ လူငယ်နှစ်ယောက်နေ ဆက်စပ်ပြီးတော့ လိုက်ဖမ်းတော့တာ။ အလှူရှင်တွေဆိုပြီးတော့လည်း ဖမ်းတယ်။ အခုက ၂၂ ယောက်တောင် ရှိနေပြီ၊ ဒါပေမဲ့ မနေ့က သုံးယောက်ပြန်လွတ်လာတယ်၊ အခု ၁၉ ယောက်ကျန်နေတယ်“

အဖမ်းခံထားရတဲ့ ပညာရေးဝန်ထမ်း CDM ဆရာမ သုံးဦးကတော့ အင်းတော်မြို့က အသက် ၃၉ နှစ်အရွယ် ဒေါ်သိန်းလှ၊ အသက် ၄၄ နှစ်အရွယ် ဒေါ်အေးနဲ့ အသက် ၅၂ နှစ်အရွယ် ဒေါ်ဥမ္မာတို့ဖြစ်တယ်လို့ သူက ပြောပါတယ်။ သူတို့အားလုံးကို အင်းတော်အခြေစိုက် စစ်ကောင်စီတပ် ခမရ (၁၈၆) က ဖမ်းဆီးစစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းအထိ မြို့ပေါ် နေရာအနှံ့မှာ စစ်ကားနဲ့ ကင်းလှည့်နေပြီး သံသယရှိသူတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့လည်း အင်းတော် ဒေသခံ တစ်ဦးက ပြောပါတယ်။

“အခုက အင်းတော်မြို့ပေါ်မှာက တော်တော်များများ ကားတွေနဲ့ လိုက်ပတ်ပြီးတော့မှ မြို့ထဲဈေးတွေမှာ ပတ်နေတယ်။ မိုင်းကွဲတဲ့ ကောင်လေးနှစ်ယောက် ဆုံးသွားတာရှင့်။ အဲဆုံးသွားပြီး နောက်ထပ် ကောင်လေး နှစ်ယောက် အဲမိုင်းကွဲတဲ့ နေရာကို သွားကြည့်တာ အဖမ်းခံလိုက်ရတယ်။ PDF ကောင်လေးနှစ်ယောက်ကို မနက်ပိုင်း ဆွဲထားပြီးနောက် နေ့လယ်ပိုင်းမှာ တခြား CDM ဆရာမတွေရော၊ တခြား မြို့ပေါ်က ပိုက်ဆံရှိသူတွေကိုရော ဖမ်းသွားတယ်”

မတ်လ ၃ ရက်နေ့က အင်းတော်မြို့လယ် လမ်းဆုံမီးပွုင့်မှာ ကင်းလှည့်နေတဲ့ စစ်သားတွေ လိုက်ပါလာတဲ့ ရဲကားကို PDF တပ်ဖွဲ့ဝင် နှစ်ဦးက မိုင်းဖောက်ခွဲဖို့ ပြင်ဆင်နေစဉ် ရုတ်တရက် မြေမြှုပ်မိုင်း ထပေါက်ပြီး အင်းတော်မြို့နယ် PDF တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူ နှစ်ဦးကို သွားရောက်ကြည့်ရှုတဲ့ နောက်ထပ် PDF တပ်ဖွဲ့ဝင် နှစ်ဦးကို မတ်လ ၃ ရက်နေ့မှာ ချက်ချင်းဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် မတ်လ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်လုံးလုံး CDM ဆရာမတွေနဲ့ မြို့ပေါ်က ငွေကြေးတတ်နိုင်သူတွေကို ဆက်တိုက်ဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအဖမ်းအဆီးကြောင့် လက်ရှိ အင်းတော်မြို့ပေါ်မှာ ဆိုင်းခန်းအတော်များများ ပိတ်ထားပြီး တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က ဒီနေ့မနက်ပိုင်းက ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း အရပ်သားပြည်သူ ၁၆,၁၂၀ ဦး ဖမ်းဆီခံထားရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက ၂,၁၁၂ ဦး ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။