စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေဆောက်ဖို့ CDMတွေ ဦးဆောင်ရန်ပုံငွေရှာ
2022.10.27

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကနေ ကလေးငယ်တွေ ထိခိုက်မှုလျော့ချနိုင်ဖို့ အာဏာရှင်ဖီဆန်ရေးလူထု လှုပ်ရှားမှုမှာပါဝင်တဲ့ CDM ဝန်ထမ်းတွေက လက်ဝတ်ရတနာပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ သူတို့ကိုယ်တိုင်ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေကို ရောင်းချပြီး စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။
စစ်ကောင်စီက စာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ နိုင်ငံအနှံဖြစ်ပွားနေလို့ စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ၊ ပုန်းခိုစရာနေရာတွေဆောက်လုပ်ဖို့ စီစဉ်နေတာလို့ "CDM များစေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" အစီအစဉ်မှာပါဝင်တဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။
CDM ဝန်ထမ်းတွေဟာ သူတို့ကိုယ်တိုင် အခက်အခဲမျိုးစုံကျော်ဖြတ်နေကြပေမယ့် ကလေးငယ်တွေ စာသင်ကြားရင်း ထိခိုက်သေဆုံးမှုတွေ မရှိအောင်သူတို့ချွေးနည်းစာထဲက စုဆောင်းထားကြတဲ့ လက်ဝတ်ရတနာပစ္စည်းတွေ၊ အမြတ်တနိုးသိမ်းဆည်းထားတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းတွေကို မဲလက်မှတ်တွေအဖြစ်ရောင်းချပြီး ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ၊ ပုံးခိုရာနေရာတွေ တည်ဆောက်ဖို့ စီစဉ်တာလို့ ဆိုပါတယ်။
တောင်ကုန်း၊ တောင်တန်းမရှိတဲ့အခါကျတော့လည်း မြေပြင်ကြီးမှာ လည်စင်းခံရတဲ့သဘောမျိုးဖြစ်တာပေါ့။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး ရရှိတဲ့ငွေအားလုံးကို လှူဒါန်းသွားမယ်လို့ ဒီအစီအစဉ်မှာ ဦးဆောင်ပါဝင်တဲ့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
" စက်တင်ဘာ ၁၆ ရက်နေ့က လက်ယက်ကုန်းကို ဗုံးကြဲလိုက်တဲ့ ဖြစ်စဉ်ဖြစ်လိုက်တော့ အဲ့ဒီမှာ အမတို့အရမ်းတုန်လှုပ်သွားတယ်။ စစ်ဘေးရှောင်တွေက နိုင်ငံအနှံမှာ ဖြစ်နေတယ်။ စစ်ဘေးရှောင်တွေကို တကယ်ထောက်ပံ့မယ်ဆိုရင်လည်း ဒီ ကမ်ပိန်းကရတဲ့ပိုက်ဆံကလည်း အဲ့လောက်အများကြီး ရနိုင်မှာမဟုတ်တော့လေ။ ငွေကိုထိထိရောက်ရောက်နဲ့ ပိုပြီးအကျိုးရှိတဲ့နေရာမှာ လှူနိုင်အောင် ဒီ ကမ်ပိန်းကိုလုပ်လိုက်တာ။ ရတဲ့ဟာ အကုန်လုံးကိုလည်း ဒီစစ်ဘေးသင့်ဒေသမှာရှိနေတဲ့ စာသင်ကျောင်းတွေပေါ်မူတည်ပြီး ရန်ပုံငွေကို ပြန်ပြီးလှူဒါန်းပေးသွားမှာပါ။"
ဦးစားပေးအနေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ မြေပြန့်ဒေသဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းက စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ ဆောက်လုပ်ဖို့ လျာထားတယ်လို့ ပြောပါတယ်။
"စစ်ကိုင်း၊ မကွေးကတော့ ဒီလိုမျိုးအတွေ့အကြုံလုံးဝမရှိခဲ့တာပေါ့။ အတွေ့အကြုံမရှိတော့ တူးထားတာမရှိဘူး။ ပြီးတဲ့အခါကျတော့လည်း တောင်ကုန်း၊ တောင်တန်းမရှိတဲ့အခါကျတော့လည်း မြေပြင်ကြီးမှာ လည်စင်းခံရတဲ့သဘောမျိုးဖြစ်တာပေါ့။ ပြည်နယ်တွေ တိုင်းတွေကနေ ကြားကာလပညာရေးစတင်နေတဲ့ ကျောင်းအရေအတွက်ကို ယူလိုက်တာပေါ့။ ရတဲ့ငွေပေါ်မူတည်ပြီးအချိုးချပြီး ပြန်ပေးမှာပေါ့။ တကယ်လို့ရန်ပုံငွေက အမတို့ခန့်မှန်းထားသလောက်မရဘူး။ အမတို့ခန့်မှန်းထားတာကတော့ လက်မှတ် ၉၉၉၉ စောင်ပေါ့နော်။ အဲ့ပမာဏကို ခန့်မှန်းထားတယ်။ သို့သော် အဲ့ပမာဏကို မရခဲ့ဘူးဆိုရင် ဦးစားပေးပြန်ပြီးရွေးရမှာပေါ့။ လောလောဆယ် စစ်ကောင်စီကနေ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ နေရာတွေနဲ့ဒေသတွေကို ပထမခြေလှမ်းအနေနဲ့ ပံ့ပိုးပေးဖို့ အဲ့လိုစဉ်းစားထားပါတယ်။"
ရန်ပုံငွေလျာထားချက်ပြည့်မှီမယ်ဆိုရင် ကြားကာလပညာရေးစတင်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေက စာသင်ကျောင်းတွေအားလုံးကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

လျာထားကျောင်းပေါင်း ၇၀၀ လောက်ရှိတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရဘက်က သဘာဝဘေးနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိတဲ့ CDM ဝန်ထမ်းတွေက စစ်ဘေးအန္တရာယ်နဲ့ ကြုံလာတဲ့အခါ ကလေးငယ်တွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တဲ့ နည်းလမ်းတွေကို စာသင်ကျောင်းတချို့မှာ စတင်သင်ကြားပေးနေတယ်လို့ သူကပြောပါတယ်။
"ဆက်တိုက်လေ့ကျင့်ပေးထားတယ်။ ဘယ်လိုဖြစ်ရင် ဘယ်လိုလုပ်ရမယ်။ ဘယ်လိုတုံ့ပြန်မယ်။ ဘယ်လိုနေရာမှာခိုလှုံမယ် အဲ့ဒီလိုမျိုးပေါ့။ ခိုလှုံတဲ့နေရာမှာ ရက်ပေါင်းများစွာနာရီနဲ့ ချီပြီးသွားနေလို့လည်း မရဘူးလေ။ ဘေးအန္တရာယ်တုံ့ပြန်တဲ့နည်းတွေရှိတော့ အဲ့ဒီနည်းတွေကို ကလေးငယ်တွေကို သင်ပေးတယ်။ လက်တွေ့ခိုလှုံနိုင်တဲ့နေရာတွေဖြစ်အောင် ကျွန်တော်တို့ကဆောက်ပေးမှာ။ တချို့လည်းစဆောက်နေပြီ။ နေရာတွေပြင်ဆင်ထားတာပေါ့လေ။"
"CDM များစေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" အစီအစဉ်ရဲ့ ကံစမ်းမဲလက်မှတ်တွေကို နိုင်ငံတကာရောက် ရန်ပုံငွေရှာဖွေရေးမှာ ပါဝင်ဆောင်ရွက်ပေးနေတဲ့ (Fundraiser) တွေထံကနေ အောက်တိုဘာလ ၁၃ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ ရောင်းချပေးနေပါတယ်။
လက်မှတ်တစ်စောင်ကို မြန်မာငွေကျပ် နှစ်သောင်းခွဲ၊ အမေရိကန်ဒေါ်လာ ၁၀ သတ်မှတ်ထားပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ CDMတွေ လှူဒါန်းထားတဲ့ လက်ဆောင်ပစ္စည်းစုစုပေါင်း (၁၄)မျိုးကို မဲဖောက်ပေးသွားမယ်လို့ ဒီအစီအစဉ်မှာပါတဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းထားတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း တိုင်းရင်းသားနယ်မြေတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာလေကြောင်းတိုက်ခိုက်မှု ၂၄၀ နီးပါးလုပ်ဆောင်ခဲ့ပြီး ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ရာကျော်သေဆုံးခဲ့တယ်လို့ NUG ရဲ့စာရင်းတွေမှာ ဖော်ပြပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ တိုက်ခိုက်တဲ့အတွက် ကလေးငယ် ခုနစ်ဦး အပါအဝင် စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ပါတယ်။
ဒီလိုစစ်ရေးပဋိပက္ခတွေကြားမှာ ကလေးငယ်တွေ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ဖို့ ပြည်သူတွေအနေနဲ့ တစ်ဖက်တစ်လမ်းကနေ ပူးပေါင်းကူညီပေးကြဖို့ကိုလည်း CDM ဝန်ထမ်းတွေက တိုက်တွန်းနေပါတယ်။