CDM တွေကိုဖိအားပေးတဲ့ စစ်ကောင်စီဝန်ထမ်း၂၀၀ ကျော်ကို NUG အမည်ပျက် စာရင်းသွင်း

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.04.24
CDM တွေကိုဖိအားပေးတဲ့ စစ်ကောင်စီဝန်ထမ်း၂၀၀ ကျော်ကို NUG အမည်ပျက် စာရင်းသွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုအတွင်း စစ်ကားတစ်စီးရှေ့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ တိုက်တွန်းခဲ့ကြသူများ။
Reuters

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်နေတဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ဝန်ထမ်း ၂၀၀ ကျော်ကို အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီလ ၂၄ ရက်နေ့မှာ ကြေညာပါတယ်။

ကိုမင်းသွေးသစ်-( နိုင်ငံရေးအကျဉ်းသားဟောင်း )...“တကယ်တမ်းတော့ အဲ့ဒါက နိုင်ငံရေးအရ ထိုးနှက်ချက်အပြင်ဘာမှတော့ မပိုပါဘူး။”

အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဝန်ထမ်းတွေရဲ့ တိုင်ကြားချက်အရ စိစစ်ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ဝန်ထမ်း ၂၀၆ ဦး ကို အမည်ပျက်စာရင်းသွင်းခဲ့တာလို့ NUG အလုပ်သမားဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးကျော်နီ ကRFAကို ပြောပါတယ်။

“CDM တွေကို လိုင်းခန်းတွေကနေ နှင်ချတဲ့ကိစ္စတွေ၊ ချေးငွေပြန်ဆပ်ရေး ဖိအားပေးတဲ့ကိစ္စတွေ၊ CDM တွေရဲ့ တော်လှန်ရေးမှာပါဝင်မှုတွေကို သတင်းပေးတာတွေ၊ အဲ့ဒီလိုမျိုး မျိုးစုံ နိုင်ငံဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကို ပြိုကွဲအောင်နည်းအမျိုးမျိုးနဲ့ လုပ်နေကြတယ်။ ဒါကြောင့်သူတို့ကို အောက်ခြေမှာခံနေရတဲ့သူတွေက အဆင့်ဆင့် မကျေနပ်ချက်တွေကို ဆင့်ကဲဆင့်ကဲတိုင်တယ်။ ဒါကို ကျွန်တော်တို့ဘက်က အဆင့်ဆင့် ပြန်လည်စစ်ဆေးခိုင်းပြီး Blacklist သွင်းတာပါ။”

အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းကနေထုတ်ပယ်လိုက်တဲ့ သူတွေထဲမှာ အထွေထွေမန်နေဂျာအဆင့်ကနေ ဌာနခွဲစာရေးအထိ ပါဝင်ပါတယ်။

ဒီလိုထုတ်ပြန်လိုက်တဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ဒီဝန်ထမ်းတွေဟာ NUG ရဲ့အမည်ပျက်စာရင်း အသွင်းခံထားသူတွေဆိုတဲ့ အမြင်တွေ သူတို့ရဲ့လူမှုပတ်ဝန်းကျင်မှာရှိလာနိုင်ပြီး CDM တွေအပေါ် ဖိနှိပ်တဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေ ပြောင်းလဲလာဖို့ မျှော်လင့်တယ်လို့ ဒုဝန်ကြီး ဦးကျော်နီ ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်ပတ်အတွင်းမှာပဲ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ရန်ကုန်မြို့က CDM မီးရထားဝန်ထမ်းတစ်ဦးက NUG ရဲ့ ဒီလုပ်ဆောင်အပေါ် ကြိုဆိုတယ်လို့ ပြောပါတယ်။

“ဒါဖြစ်သင့်တယ်လို့ ကျွန်တော်ကမြင်တယ်။ သူတို့ဘဝအတွက်ပဲသူတို့က ကြည့်တယ်လေ။ ကျွန်တော်တို့ကတော့ အနစ်နာခံပြီး အခုအချိန်အထိ ဒုက္ခရောက်နေရတဲ့ အနေအထားမျိုးမှာ ကိုယ်ချင်းစာတက်အောင် ကျွန်တော်ကတော့ (စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို NUG က ထုတ်ပယ်လိုက်တဲ့ လုပ်ရပ်က) ဖြစ်သင့်တယ်လို့ ထင်တယ်။ ဘယ်လိုအခက်အခဲရှိလည်းဆိုတော့ ကျွန်တော် ဈေးရောင်းပြီးတော့ ဘဝကိုကျောင်းနေရတယ်။ ကျွန်တော့်မိန်းမကလည်း ကလေးနှစ်ယောက်နဲ့ ကျွန်တော့်ကို ပစ်ပြီးထားသွားပြီ။ CDM လုပ်လို့ နေစရာက အခက်အခဲဖြစ်ရတဲ့အပြင်ကို စီးပွားရေးပါမရှိတော့ ဝင်ငွေ မရှိတော့လို့ ထွက်သွားတာပေါ့ဗျာ။ အခုဈေးရောင်းပြီးတော့ ကလေးနှစ်ယောက်ကို ကျွန်တော်ကြည့် နေရတယ်။”

လုံခြုံရေးအရ သူ့အမည်ကို ထုတ်ဖော်မပြောလိုကြောင်း ပြောပါတယ်။

000_94N29K.jpg
၂၀၂၁၊ မတ်လ (၁၀) ရက်နေ့က ရန်ကုန်မြို့၊ မလွှာကုန်းမီးရထားဘူတာရုံသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွင် ပါဝင်သည့် မီးရထားဝန်ထမ်းများက မိမိပိုင် ပစ္စည်းများ သယ်ယူထွက်ပြေးသွားခဲ့ရသည့် မြင်ကွင်း။ ( Photo:AFP)

အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ အစပိုင်းကပါဝင်ခဲ့တဲ့ ဝန်ထမ်းလေးသိန်းကျော်ရှိပြီး နောက်ပိုင်းမှာ စစ်ကောင်စီက ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဖိအားပေးတာ၊ စားဝတ်နေရေးပြဿနာစတဲ့ အကြောင်းအမျိုးမျိုးနဲ့ မူလဌာနတွေမှာ ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့သူတွေရှိခဲ့ပါတယ်။

CDM အရေအတွက်က လက်ရှိမှာ သုံးသိန်းကျော်သာ ကျန်တော့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုဝန်ကြီး ဦးကျော်နီ ကပြောပါတယ်။ NUG အနေနဲ့ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှာပါဝင်တဲ့ CDM ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့တာ၊ ချေးငွေချေးပေးတာနဲ့ အလုပ်အကိုင်ရှာဖွေပေးတာတွေ လုပ်ဆောင်နေပေမယ့် အားလုံးကို လွှမ်းခြုံနိုင်တဲ့အခြေအနေမရှိသေးဘူးလို့ သူကပြောပါတယ်။

2023-01-31T113002Z_1459202211_RC2NZY9F9GO6_RTRMADP_3_MYANMAR-POLITICS-COUP-ANNIVERSARY.JPG
အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ပြီး ထိုင်းနိုင်ငံကို ရောက်နေတဲ့ အလယ်တန်းကျောင်းဆရာမ တစ်ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo:Reuters)


ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ဝန်ထမ်းက အကူအညီမရတာ နှစ်လ၊ သုံးလရှိပြီလို့ ပြောပါတယ်။

“ အရင်ကဆို တစ်လငါးသောင်းလောက်တော့ ကျွန်တော်တို့အကူအညီရတယ်။ အခုတော့ အကူအညီမရတာ နှစ်လ သုံးလလောက်ရှိပြီ။ ဘယ်အဖွဲ့အစည်းက ကူညီလဲတော့ ကျွန်တော်တို့မသိရဘူး။ ဖုန်းထဲကနေ အကောင့်ထဲကို ငွေလွှဲလိုက်တယ်ဆိုတာပဲပြောတယ်။ ဘယ်အဖွဲ့အစည်းကဆိုတာတော့ ကျွန်တော်တို့ကို မပြောဘူး။”

NUG က အခုလို Non-CDM ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းပြီး အလုပ်ကနေ ထုတ်ပယ်တယ်ဆိုတဲ့ ကြေညာမှုဟာ နိုင်ငံရေးအရ ထိုးနှက်ချက်တစ်ခုသာဖြစ်တယ်လို့ အာဏာရှင်စနစ်ကျဆုံးရေးမှာ ပါဝင်လုပ်ဆောင်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သူ ကိုမင်းသွေးသစ်က ရှုမြင်ပါတယ်။

“CDM တွေရဲ့ ထောက်ခံမှုကို NUG က လိုချင်တဲ့အခါကျတော့ emotion ကိုအခြေခံပြီး Non-CDMတွေက အေးဆေးမြို့ပေါ်မှာနေနေရတယ်ဆိုပြီး နှပ်ကြောင်းပေးပြီး အဲ့ဒီလိုင်းကြီးကို ဆွဲတင်သွားတာ။ ကျွန်တော်တို့နဲ့က သဘောထားမတူတာက အကြောင်းကြောင်းကြောင့်ဆိုတာရှိတယ်။ ပြည်သူနဲ့ ရန်သူ လုပ်လို့မရဘူး။ ကြားလူရှိတာကို ကိုယ့်ဘက်ပါအောင်ဆွဲရမယ်။ စစ်ကောင်စီနဲ့ စိတ်ပါလက်ပါ ပူးပေါင်းတဲ့ သူတွေကို အရေးယူတာ ကျွန်တော်တို့မပြောလိုဘူး။ အခြေအနေ အကြောင်းကြောင်းကြောင့် NUG က ထောက်ပံ့တာမလုပ်နိုင်လို့ CDM ကနေ Non- CDM ဖြစ်သွားတဲ့သူတွေက ကိုယ့်ဘက်က လိုအပ်ချက်ကြောင့် ဖြစ်သွားတာ။"

RFA မေးခွန်း- Non-CDM ဝန်ထမ်း ၂၀၀ ကျော်ကို NUG က ထုတ်ပယ်လိုက်တဲ့အပေါ် ကိုမင်းသွေးသစ် အမြင် ဘယ်လိုများရှိမလဲ။

“တကယ်တမ်းတော့ အဲ့ဒါက နိုင်ငံရေးအရ ထိုးနှက်ချက်အပြင်ဘာမှတော့ မပိုပါဘူး။”

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးလုပ်ငန်းစဉ်နဲ့ အာဏာရှင်ဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဝန်ထမ်းတွေကို ကာကွယ်တဲ့ သဘောအနေနဲ့ Non-CDM ဝန်ထမ်းတွေကို အရေးယူတာတွေကို ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ ကပြောပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။