PDF တွေကိုထောက်ပံ့တယ်ဆိုပြီး မန္တလေးက CDM ဆရာဝန်၊ ဆရာမငါးဦး ဖမ်းဆီးခံရ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေကို ဆေးဝါးထောက်ပံ့လို့ဆိုပြီး အာဏာရှင်ဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မန္တလေးဆေးတက္ကသိုလ်ခွဲစိတ်ဌာနက ခွဲစိတ်ကထိကဦးမင်းဇော်ဦး အပါအဝင် CDM သူနာပြုနဲ့ သားဖွားဆရာမ စုစုပေါင်းငါးဦးကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီက မန္တလေးမြို့မှာ ဖမ်းဆီးခဲ့ပါတယ်။
သတင်းပေးသူရှိတဲ့အတွက် ပုလဲ-ဂန့်ဂေါသွားကားလမ်းပေါ်မှာ မေ့ဆေးအပါအဝင် ဆေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ခြောက်ဘီးယာဉ်ကို စစ်ဆေးရာကနေ ဆက်စပ်သူ ၈ ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ခြောက်ဘီးကားယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကိုစစ်ဆေးရာကနေ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ရွှေမေတ္တာကားဂိတ်မှာ PDF တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့မယ့် ဆေးဝါးတွေသိုလှောင်ထားတယ်ဆိုတာကို သိရလို့ ဂိတ်စာရေး ဦးညီညီလှိုင်၊ ဂိတ်မှူး ဦးစိုးဝင်းထွန်း၊ ယာဉ်မောင်း ဦးဝေလင်းဦးတို့ကို အောက်တိုဘာလ ၂၈ ရက်နေ့မှာ သွားရောက် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် PDF တွေကိုထောက်ပံ့နေတဲ့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးက CDM သူနာပြုဆရာမ ဒေါ်ဇင်မာဝင်းကို ဖမ်းဆီးခဲ့ပြီးနောက် ဆက်စပ်ပြီး မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးက CDM သားဖွားဆရာမ ဒေါ်ပိုးသန္တာအောင်၊ မန္တလေးဆေးတက္ကသိုလ်က ခွဲစိတ်ကထိက ဦးမင်းဇော်ဦး၊ CDM သူနာပြုဆရာမတွေဖြစ်တဲ့ ဒေါ်ကြည်သဒ္ဓါဖြူနဲ့ ဒေါ်ယွန်းနန္ဒာထွန်း တို့ကို ထပ်မံဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေကို ဘာပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာကို ထုတ်ပြန်တာမရှိသေးပါဘူး။