တစ်လအတွင်း စစ်ကောင်စီတပ်သား ၇၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးအဖွဲ့ပြော
2024.02.29

ချင်းပြည်နယ်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့- ဒိုင်ရ် (CDF-Daai) ပါဝင်တဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေအပါအဝင် စစ်ကောင်စီတပ်သား ၇၄ ဦး အရှင်ဖမ်းဆီးခဲ့တယ်လို့ CDF-Daai က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သားတွေကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ CDF-Daai ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်း AiBax က RFA ကို ပြောပါတယ်။
"ဒါက ကျွန်တော်တို့ ဒိုင်ရ်နယ်မြေပေါ့။ ပလက်ဝမြို့နယ်ထဲမှာရှိတဲ့ တောင်ကြောတွေမှာ စစ်ဆေးရေးတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ AA နဲ့ တိုက်ပွဲဖြစ်ပြီး တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်တွေက ကျွန်တော်တို့နယ်မြေထဲ ရောက်လာတဲ့အခါမှာ ကျွန်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ လက်ရှိ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးထားပါတယ်။ ကောင်းကောင်းမွန်မွန်ပဲ စောင့်ရှောက်ထားပါတယ်။ သူတို့ကို လုံခြုံအောင် ထိန်းသိမ်းထားပါတယ်။ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေအရ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"
တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် အခြေစိုက် လက်အောက်ခံ ခမရ (၂၃၃) တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ထွန်း အပါအဝင် စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးခဲ့တယ်လို့ CDF-Daai ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့ လောင်းပွဲတောင်မှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားတပ်မတော် (CNF)၊ CDF-Daai နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီး သုံးဦးနဲ့ ရဲဘော် ၁၉ ဦး၊ စုစုပေါင်း ၂၃ ဦး လက်နက်ချ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ CDF-Daai က ပြောပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့က မွန်တောင် စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးနှစ်ဦး အပါအဝင် အကြပ်ရဲဘော် ၁၁ ဦး၊ စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်လနီးပါးအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသ ကာကွယ်ရေး CDF-Daai တို့အကြား တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၉ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ CDF-Daai က ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့ လှိန်းရှိန်တောင် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးငါးဦးနဲ့ အကြပ်ရဲဘော်ရှစ်ဦး၊ စုစုပေါင်း ၁၄ ဦးကို အရှင်ဖမ်းဆီးမိခဲ့သလို အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စကခ ၁၅၊ ဘူးသီးတောင်အခြေစိုက် လက်အောက်ခံ ခမရ (၂၃၃) တပ်ရင်းရဲ့ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အောင်ထွန်းအပါအဝင် ဗိုလ်မှူးတစ်ဦးနဲ့ ဗိုလ်ကြီး နှစ်ဦး၊ စုစုပေါင်း လေးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ချင်းပြည်နယ် လုံရင်းတောင် စစ်ဆင်ရေးနဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ လှောင်သွေတောင် စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်ဖွဲ့က ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးနှစ်ဦးနဲ့ ရဲဘော်နှစ်ဦး၊ စုစုပေါင်း ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ CDF-Daai က ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ရရှိဖို့ ချင်းပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေတာမရှိပါဘူး။