တရုတ်နိုင်ငံကို ခိုးထုတ်မယ့် သစ်တွေ မြစ်ကြီးနားအဝင်မှာ ဖမ်းဆီးရမိ


2014.12.27
wood-car-305.jpg ဖမ်းဆီးထားတဲ့ တရားမဝင်သစ် တင်ဆောင်လာတဲ့ ကားတွေကို မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းရှေ့မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ဘက်ကနေ တရုတ်ပြည်ကို တရားမဝင်သယ်ပို့မယ့် သစ်တန်ချိန် ၁၈ တန်နဲ့ ကား ၆စီးကို မြစ်ကြီးနားမြို့အဝင်မှာ ဖမ်းဆီး ရမိပြီး အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ မြစ်ကြီး နားမြို့အမှတ် ၂ ရဲစခန်းမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၅ ရက်နေ့က သစ်တောနဲ့ ရဲဝန် ထမ်းတွေ ပါဝင်တဲ့ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါ တယ်။ မနေ့က အမှုဖွင့်အရေးယူခဲ့ပြီးဒီနေ့မှာ ဖမ်းမိ တဲ့သစ်တွေကို သစ်တောဋ္ဌာနကို လွှဲပြောင်းပေးလိုက်ပြီ လို့ မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှူး ဦးအေးကျော်က RFA ကိုပြောပါတယ်။

"သစ်ကား ၆ စီးနဲ့ တရားခံ ၇ ဦးကို ဖမ်းဆီးရမိတယ်၊ သစ်ခန့်မှန်းတန်ချိန် ၁၈ တန်ခန့် ကာလတန်ဖိုးက သိန်း ၃၆ဝ နီးပါးရှိပါတယ်၊ ဖမ်းဆီးရတဲ့သူတွေကို အမှုဖွင့်ပြီး အရေးယူဆောင်ရွက်ထားပါတယ်၊ ဖမ်းမိတဲ့သူတွေကတော့ ယာဉ်မောင်းတွေပေါ့၊ ပိုင်ရှင်တွေမဟုတ်ပါဘူး၊ လုပ်ထုံးလုပ်နည်းအရ သစ်တောကို လွှဲလိုက်တာပေါ့၊ နယ်မြေအခြေအနေကြည့်ရတာတော့ တရုတ်ပြည်ဘက်ပဲ ပို့တာများပါတယ်၊ တရားမဝင် သစ်တွေ သတင်းရရင်တော့ ဆက်ပြီးတော့ ကျနော်တို့က ဖော်ထုတ်ဖမ်းဆီးသွားဖို့ရှိပါမယ်"

တရုတ်ပြည်ဘက်ကို ခိုးထုတ်မယ့် ကား ၆ စီးကို မြစ်ကြီးနားမြို့အဝင် နန်းကွေ့၊ မော်ဖောင်းကျေးရွာတွေနားမှာ ဖမ်းမိခဲ့တာပါ။

စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေက သစ်မျိုးစုံနဲ့ သစ်တောထွက်ပစ္စည်းတွေ အပါအဝင် တောရိုင်း တိရိစ္ဆာန်တွေကို တရုတ်ကုန်သည်တွေက ကချင်ပြည်နယ်ကို ဖြတ်သန်းပြီး တရုတ်ပြည်ဘက်ကို ခိုးထုတ်လေ့ရှိပါတယ်။

ဒါ့အပြင် အင်းတော်ကြီးနဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ဝိုင်းမော်၊ မန်စီ၊ မိုးမောက်စတဲ့ ကချင်ပြည်နယ်အတွင်းက မြို့ရွာတွေမှာလည်း တရုတ်ပြည်ဘက်ကို ခိုးထုတ်မယ့် သစ်နဲ့တောရိုင်းတိရိစ္ဆာန် ဈေးကွက်တွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာရဲ့ အရှေ့ဘက်အင်ကြင်းတောင်မှာ တရုတ်နိုင်ငံသား သစ်ခိုးဂိုဏ်းတွေကို ထိထိရောက်ရောက်အရေးယူဖို့ ဒေသခံ ငါးရာကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။