မိသားစုဝင်တွေ ဒုရဲမှူး မိုးရန်နိုင်နဲ့ မတွေ့ခဲ့ရ
2018.04.25

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုရဲမှူး မိုးရန်နိုင်ကို ရန်ကုန်တိုင်းက အမှတ် ၈ လုံခြုံရေး ရဲတပ်ရင်းမှာ မိသားစုဝင်တွေ က ဒီနေ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ညီဖြစ်သူက ပြောပါတယ်။
နေပြည်တော်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ဒုရဲမှူး မိုးရန်နိုင်ကို အမှတ် ၈ ရဲတပ်ရင်းမှာ ထိန်းသိမ်းထားကြောင်း မိသားစုဝင်တွေ အချိန်မရွေးတွေ့နိုင်ကြောင်း သတင်းမီဒီယာတွေကို ပြောထားတဲ့အတွက် ဒီနေ့ သွားတွေ့ဖို့ကြိုးစားရာမှာ အဲဒီမှာမရှိကြောင်း ဘယ်မှာရှိတယ်ဆိုတာလည်း မသိကြောင်း တာဝန်ရှိသူတွေက ပြောလိုက်တယ်လို့ ညီဖြစ်သူ ကိုရဲဝင့်နိုင် က ပြောပါတယ်။
"ဟိုကိုသွားတွေ့တော့ တပ်ရင်းထိပ်မှာပဲ သတင်းပို့ရတယ်၊ သူတို့က ခေတ္တစောင့်ပါဦး အထက်ကို သတင်းပို့ ပါဦးမယ် ဆိုပြီးတော့စောင့်တာ နာရီဝက်လောက်ကြာတယ်ဗျ၊ အတွင်းထဲကို ဝင်သွားတယ်ဗျ၊ အထဲကလှမ်းခေါ် တဲ့ သဘောရှိတယ်၊ နောက်တခါ အဲဒီအထဲမှာလည်း နာရီဝက်လောက်နေမှ သူပြန်ထွက်လာတယ်၊ အားလုံးပေါင်း တနာရီကျော်လောက်ကြာတယ်ဗျ၊ တွေ့ခွင့်မရဘူး၊ ကျနော်တို့က ဝမ်းသာအားရနဲ့ ယူသွားတဲ့ စားသောက်စရာလေးတွေ ပေးခဲ့ချင်တယ်ဆိုတော့လည်း လက်မခံဘူး၊ ဒီမှာမရှိဘူးဆိုတော့ ဘယ်မှာထိန်းသိမ်း ထားသလဲဆိုတော့ အဲဒါလည်းသူမသိဘူးပေါ့နော်၊ ဘယ်သူ့ကိုမေးရမလဲဆိုရင်လည်း သူမသိဘူး၊ အထက်က လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်လို့ သူဖြေကြားတဲ့အတွက် ကျနော်တို့ တွေ့ခွင့်မရဘဲနဲ့ ဒီအတိုင်းပြန်လာ ခဲ့ရတယ်"
အဲဒီလိုတွေ့ခွင့်မရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရဲမှူးကြီး မျိုးသူစိုးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဒုရဲမှူး မိုးရန်နိုင် ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ရက်နေ့က အင်းစိန်တရားရုံးမှာ ရိုက်တာ သတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း အဲဒီလိုဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကိုက အမိန့်ပေးတာဖြစ်ကြောင်း ထွက်ဆိုထားသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုရဲမှူး မိုးရန်နိုင်ဟာ မိသားစုနဲ့ တေ့ွဆုံခွင့်မရတာ ၄လကျော်နေပြီဖြစ်ပြီး သူ့ရဲ့မိသားစုဝင်တွေက အမှန်တရားပေါ်ပေါက်အောင် ဖြေရှင်းပေးဖို့ နိုင်ငံတော်အကြီးအကဲ တွေထံ မေတ္တာရပ်ခံထားပါတယ်။
ဒုရဲမှူး မိုးရန်နိုင်ကို ရဲတရားရုံးက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရာမှာ ခွင့်ပြုချက်မရှိဘဲ သတင်းအချက်အလက် တွေ ဖြေဆိုခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်တဲ့အတွက် အပြစ်ပေးဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က သုံးသပ်နေတယ် လို့လည်း ရဲမှူးကြီး မျိုးသူစိုး က RFA နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
ဒုရဲမှူးမိုးရန်နိုင်ဟာ ငွေကြေးယူပြီးသတင်းတွေ ရောင်းစားတယ်လို့ အင်တာနက်ဖေ့စ်ဘွတ်မှာ ရေးသားနေကြတဲ့ အပေါ် ညီဖြစ်သူက သူ့အကိုရဲ့ နောက်ကြောင်းရာဇဝင်ကို လိုက်လို့ရကြောင်း မိသားစုဝင်တွေဟာ ဘယ်တုန်းကမှ လာဘ်ပေးလာဘ်ယူလုပ်ခဲ့သူတွေမဟုတ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာ မိသားစုဝင်တွေအတွက်ဆိုပြီး အလှူငွေကောက်ခံနေတာတွေကို ကြားသိရကြောင်း အခုလည်း လက်ခံမှာမဟုတ်သလို နောင်လည်း အဲဒီအလှူငွေတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။