ကြံ့ခိုင်ရေးပါတီနှင့်တစညတို့မှ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးရေအများဆုံး
2010.08.30

အခုလိုဖြစ်ရတာဟာ ရွေးကောက်ပွဲ ဝင်လိုတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ စစ်အစိုးရက ၂ ပတ်ကျော်သာ အချိန်ပေးထားပြီး ကိုယ်စားလှယ်လောင်းတဦးစီ ပေးသွင်းရမဲ့ ငွေပမာဏကိုလည်း ၅ သိန်းစီ သတ်မှတ်ထားတာကြောင့် ပါတီတွေ အခက်ကြုံရတာ ဖြစ်ကြောင်း နိုင်ငံရေးပါတီတွေက RFA ကို ပြောပါတယ်။
စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားပြီး စစ်ဗိုလ်ချုပ်ကြီးတွေ အရပ်သားအဖြစ်နဲ့ ဝင်ရောက် ယှဉ်ပြိုင်မဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း တထောင်ကျော် ဝင်ရောက်မယ်လို့ ရန်ကုန်မြို့က လာတဲ့ အေအက်ပီသတင်းမှာ ဖော်ပြထားပါတယ်။ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကတော့ ကိုယ်စားလှယ်လောင်း ၉၉၀ ကျော် ပါဝင်မယ်လို့ ပါတီပြောခွင့်ရသူ ဦးဟန်ရွှေက ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ မြန်မာပြည်အနေနဲ့ အရင်က လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ဝ ကျော် ပြိုင်နိုင်လိမ့်မယ်လို့ မှန်းထားပေမဲ့ လက်တွေ့မှာတော့ ၄၉ ဦးသာ ဝင်ပြိုင်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုကတော့ ဘယ်လို အခက်အခဲတွေ ကြုံရတယ်ဆိုတာကို ပြောပြပါတယ်။
“ပေးတဲ့ရက်ပေါ့နော်၊ အဲဒီ ငွေသွင်းဖို့တို့ ဘာတို့က ရက်က သိပ်နည်းတယ်။ အရင်တုန်းကဆို ကျွန်မတို့ တော်တော်လေး မှန်းထားပါတယ်၊ ကန့်သတ်ရက်အတွင်းမှာ သွင်းရမယ်ဆိုတော့ လူတွေက ငွေရှာဖို့ ခက်သွားတယ်။ ငွေမရှာနိုင်ကြဘူး၊ ငွေမရှာနိုင်တဲ့အတွက်ကြောင့် ကျွန်မတို့က အခု ဒီလောက်ပဲ ရတယ်။”