အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ ဆွေးနွေးပွဲ မဖြစ်မြောက်


2018.11.21
nca-s-eao-meeting-oct15-622.jpg အစိုးရနဲ့ NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို ၂၀၁၈၊ အောက်တိုဘာလ ၁၅ ရက်၊ နေပြည်တော် ရွှေစံအိမ်ဟိုတယ်မှာ ကျင်းပခဲ့စဉ်
Photo: Myanmar State Counsellor Office

နေပြည်တော်မှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ ဒီကနေ့ အလွတ်သဘော အနေနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ခေါင်း ဆောင်တွေ မတွေ့ဖြစ်ခဲ့ကြဘူးလို့ သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ KNU ဥက္ကဋ္ဌ မူတူးစေးဖိုးနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ နေပြည်တော်မှာ ကျင်းပနေတဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေး အခမ်းအနားကို တက်ရောက် ကြပေမယ့် သီးသန့်တွေ့ဆုံဆွေးနွေးတာ တော့ မရှိခဲ့ဘူးလို့ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒို မန်းငြိမ်းမောင်က RFA ကို ပြောပါတယ်။

နေပြည်တော်က မြန်မာကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ကစပြီး ၂ ရက်ကြာကျင်းပမယ့် Religions For Peace အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်၊ KNU ဥက္ကဋ္ဌ မူတူးစေးဖိုးတို့ တက် ရောက်မိန့်ခွန်းပြောခဲ့ပေ့မယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မတက်ရောက်ဘဲ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း သာ တက်ရောက်ခဲ့ပါတယ်။

နေပြည်တော်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ရောက်ရှိစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံကြဖွယ် ရှိနိုင်တယ်လို့ ပဒို မန်းငြိမ်းမောင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တချို့က မနေ့က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ NCA အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။