ဖားကန့်မှာ Mytel အင်တာနက်လိုင်း ပြန်သုံးခွင့်ရ

2022.04.06
ဖားကန့်မှာ Mytel အင်တာနက်လိုင်း ပြန်သုံးခွင့်ရ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြကြစဉ်
Photo: Citizen Journalist

ပြည်တွင်းဆက်သွယ်ရေး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ခုနစ်လကျော်ပြီ ဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဧပြီလ ၅ ရက် မနေ့ကစပြီး စစ်တပ်ပိုင် Mytel အင်တာနက်လိုင်းကို ပြန်သုံးခွင့်ရနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကျန်တဲ့ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာလိုင်းတွေ သုံးလို့မရသေးသလို Mytel အင်တာနက်လိုင်းကလည်း ဖားကန့်မြို့ရဲ့ နေရာတချို့မှာပဲ သုံးလို့ရတာလို့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။

“မနေ့က မနက်ပိုင်းက Mytel တစ်လိုင်းပဲ ဖွင့်ပေးတာ။ Mytel က စစ်တပ်ပိုင်ဆိုတော့ သူတို့လိုသလို ဝင်စစ်နိုင်လို့ ဖွင့်ပေးတာလည်းဖြစ်မယ်။ သူတို့ ဝင်ငွေရအောင်လို့လည်း ဖွင့်တာလို့မြင်တယ်"

လုံးခင်းကျေးရွာအုပ်စု၊ ဝှေခါမှော်၊ ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာအုပ်စု စတဲ့ နေရာတွေ မှာတော့ Mytel အင်တာနက်လိုင်းကောင်းပြီး ကျန်တဲ့နေရာတွေမှာတော့ လိုင်းပေါ်လိုက် ပျောက်လိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

ခုလို ပြည်တွင်းဆက်သွယ်ရေး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရလို့ ငွေလွှဲတာ၊ အွန်လိုင်းကနေ စာသင်ကြားတာ စတဲ့ စီးပွားရေး၊ လူမှုရေးပိုင်းတွေမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

IP Star တပ်ဆင်ထားတဲ့ အင်တာနက်ဆိုင်တွေမှာဆိုရင် တစ်နာရီကို ကျပ် ၅၀၀၀ ကနေ ၁၀,၀၀၀ အထိ ပေးပြီး အသုံးပြုနေရတယ်လို့လည်း ပြောကြပါတယ်။

ဖားကန့်မြို့မှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ကစပြီး ပြည်တွင်း ဆက်သွယ်ရေး အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာဖြစ်ပြီး Mytel တာဝါတိုင် ငါးခုလည်း ဗုံးခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ မကြာမကြာ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်တဲ့အထိ ဖြစ်ပွားခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။