ဆန္ဒပြဆောက်လုပ်ရေးလုပ်သားတွေနဲ့ BYMA ကုမ္ပဏီ ပြေလည်မှုရ
2021.01.19
လူမှုဖူလုံရေးကြေးနဲ့ လုပ်အားခအပြည့်ရဖို့ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာ ဒီနေ့လယ်က ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ဆောက်လုပ်ရေးလုပ်သားတွေကို လာမယ့် ဇန်နဝါရီ ၂၆ ရက်နေ့မှာ အလုပ်သမား တွေရဲ့ ရပိုင်ခွင့်အားလုံးပေးမယ်လို့ BYMA Myanmar ဆောက်လုပ်ရေးကုမ္ပဏီက ဒီညနေမှာ ပြောလိုက် ပါတယ်။
အလုပ်ရှင်က လူမှုဖူလုံရေးကြေး မပေးတာ၊ လုပ်ခလစာ အပြည့်မပေးတာ၊ လုံခြုံရေးဝတ်စုံဖိုး ကျပ် ရှစ်သောင်း ဖြတ်တောက်တာတွေကြောင့် ဆန္ဒပြခဲ့ကြတာလို့ ဗိုလ်ချုပ်အောင်ဆန်းမပေါ်က အရင်မီးရထား ရုံးချုပ်ဟောင်းနေရာက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက ပြောပါတယ်။
ဆန္ဒပြတဲ့အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ ကုမ္ပဏီတာဝန်ရှိ သူတွေ ဒီညနေမှာ ဆွေးနွေးညှိနှိုင်းရာမှာတော့ လူမှုဖူလုံရေးကြေးနဲ့ ပတ်သက်လို့ ကိုဗစ် ၁၉ ကာလ အလုပ်ပိတ်ထားတဲ့အချိန်မှာ အလုပ်သမားတွေ ရပိုင်ခွင့်ဖြစ်တဲ့ ၄၀ ရာခိုင်နှုန်းကို လာမယ့် ဇန်နဝါရီ ၂၆ ရက်နေ့မှာ အလုပ်သမားဝန်ကြီးဌာနက ကုမ္ပဏီကတဆင့် ပေးမယ့်အကြောင်း ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီလူမှုဖူလုံရေးကြေးနဲ့အတူ ကျန်နေသေးတဲ့ လုပ်ခလစာတွေ၊ ရက်မှန်ကြေး၊ အချိန်ပိုကြေးတွေစတဲ့ အလုပ်သမားတစ်ယောက် ရပိုင်ခွင့်ရှိတာတွေကို အဲဒီနေ့မှာပဲ ကုမ္ပဏီဘက်ကလည်း အလုပ်သမားတွေကို ပေးမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ဆုံးဖြတ်လိုက်တဲ့အတွက် ဆန္ဒပြအလုပ်သမားတွေနဲ့ ပြေလည်မှု ရခဲ့ပါတယ်။