NLD အမတ်လောင်းတွေ ရွေးနေပြီ

ကြားဖြတ်ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းမှာ နေပြည်တော် ၄ မြို့နယ် အပါအဝင် လစ်လပ် နေရာ ၁ဝ နေရာရှိပြီး နေရာအားလုံးမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

2012.01.08
assk_nld_office_305_z.png မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးမှ ထွက်ခွာသွားစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

နေပြည်တော် ၄ မြို့နယ်က လစ်လပ်နေရာတွေအတွက် ဗဟိုနဲ့ မနက်ဖြန် ညှိနှိုင်းမယ်လို့ NLD မန္တလေးတိုင်း အောင်နိုင်ရေးအဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဲဆန္ဒနယ်မြေရဲ့ NLD ကိုယ်စားလှယ်လောင်းအဖြစ် ဦးတာချီလာဆိုင်းကို ရွေးချယ်ပြီး ဗဟို အောင်နိုင်ရေးအဖွဲ့ကို တင်ပြလိုက်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် တိုင်းရင်းသားတွေထဲက ဦးစားပေး ရွေးချယ်ဖို့ NLD ဗဟိုက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် ဖားကန့်၊ မိုးကောင်းနဲ့ ဗန်းမော်မြို့နယ်တွေအတွက် ကိုယ်စားလှယ်လောင်းနေရာ ၃ နေရာ လစ်လပ်နေပါတယ်။ မိုးကောင်း မြို့နယ်အတွက် ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဦးထွန်းကြည်ကို ရွေးချယ် တင်ပြထားပြီး၊ ဗန်းမော်မြို့နယ်အတွက် ပြည်နယ်စည်းရုံးရေး တာဝန်ခံ ဦးဘမြင့်ကို ရွေးချယ်တင်ပြထားပါတယ်။

ပခုက္ကူမြို့နယ်မှာ NLD အောင်နိုင်ရေးအဖွဲ့ အစည်းအဝေးကို ဇန်နဝါရီ ၆ ရက်၊ သောကြာနေ့က ကျင်းပရာမှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် ဗဟို အောင်နိုင်ရေးအဖွဲ့ကို စာရင်း တင်သွင်းဖို့ ဦးလှိုင်အေးကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

ဦးလှိုင်အေးဟာ ပခုက္ကူမြို့နယ် စည်းကော်မီတီဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲမှာ ပခုက္ကူ အမှတ် (၂) မဲဆန္ဒနယ်ကနေ ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ မနေ့က ကျင်းပတဲ့ NLD အောင်နိုင်ရေးအဖွဲ့ အစည်းအဝေးမှာ မြန်အောင် မြို့နယ် ကိုယ်စားလှယ်လောင်းအဖြစ် ဗဟိုတရားရုံးရှေ့နေ ဦခင်မောင်လတ်ကို မဲအများစုနဲ့ ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။