ဘူးသီးတောင်က စစ်ဘေးဒုက္ခသည် ၂၆၀၀ ကျော်ကို နေရပ်ပြန်ဖို့ စစ်ကောင်စီဖိအားပေး

2022.10.28
ဘူးသီးတောင်က စစ်ဘေးဒုက္ခသည် ၂၆၀၀ ကျော်ကို နေရပ်ပြန်ဖို့ စစ်ကောင်စီဖိအားပေး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၁၉ နှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းလေးခုက ဒုက္ခသည် ၂၆၀၀ ကျော်ကို လာမယ့် အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးက ခေါ်ယူသတိပေးထားတယ်လို့ ဒုက္ခသည်တွေက RFA ကို ဒီကနေ့ ပြောပါတယ်။

နေရပ်မပြန်ဘူးဆိုရင် ကျူးကျော်နေထိုင်မှု၊ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ တို့နဲ့ တရားစွဲမယ့်အကြောင်းပါ ခြိမ်းခြောက်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“စစ်တပ်ကရော၊ မြို့နယ်အုပ်ချုပ်ရေးမှူးကရော အခုလို ထွက်သွားဖို့ပြောတာ လေးကြိမ်ရှိပြီ။ အစည်းအဝေးခေါ်ပြီး နှစ်ကြိမ်ပြောတယ်။ ဒုက္ခသည်စခန်းကိုလာပြီး နှစ်ကြိမ်ပြောတာရှိတယ်။ အခုစခန်းတွေက ကျူးကျော်လို့ဆိုရအောင် သူတို့ နေရာတွေမှာနေတာ မဟုတ်ဘူး။ ဘုန်းကြီးကျောင်းမှာ နေကြတာ။ အဲဒါကို ထွက်မသွားရင် တရားစွဲမယ်ပြောတယ်။ ဒါက အစိုးရက လုပ်သင့်တဲ့လုပ်ရပ် မဟုတ်ဘူး”

အဲဒီ ဘူးသီးတောင်မြို့နယ်က လမ်းမ၊ ဂန္ဓာရီ၊ ရန်အောင်မြေနဲ့ မြတောင်စတဲ့ စစ်ဘေးဒုက္ခသည်စခန်းလေးခုမှာ လူဦးရေ ၂,၆၀၀ ကျော် ခိုလှုံနေတာပါ။

သူတို့ဟာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်ကတည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နေအိမ်တွေနဲ့ လုပ်ကိုင်စားသောက်မယ့် ဥယာဉ်ခြံမြေတွေလည်း ပျက်စီးသွားပြီလို့လည်း ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

တစ်ဖက်မှာလည်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်က တပ်စွဲထားတာတွေနဲ့ မိုင်းအန္တရာယ်တွေကြောင့် နေရပ်ပြန်ဖို့ လုံးဝမဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

အခုလို ဘူးသီးတောင်မှာရှိတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ခိုင်းတာနဲ့ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ကိုးသောင်းကျော် ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အခုတကျော့ပြန်တိုက်ပွဲအတွင်း စစ်ဘေးဒုက္ခသည် ၁၆,၀၀၀ ကျော်တိုးလာပြီး အဲဒီဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့လည်း UN OCHA က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။