ဘူးသီးတောင်နဲ့ ရသေ့တောင်မှာ လက်နက်ကြီးကျ၊ အရပ်သားများ ဒဏ်ရာရ

မင်းသိန်းအောင်
2019.10.21
buthidaung-bullet-622.jpg ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျေးရွာထဲကို ၂၀၁၉၊ အောက်တိုဘာ ၂၀ ရက်နေ့ညက ကျရောက်ခဲ့တဲ့ လက်နက်ကျည် ကိုတွေ့ရစဉ်
Photo: Citizen Journalist

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြားမြို့နယ်မှာ လက်နက်ကျည်ကျရောက် ပေါက်ကွဲပြီး အမျိုးသမီး သုံးဦးနဲ့ ကလေး နှစ်ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

ရသေ့တောင်မြို့နယ် ဆင်ခုံးတိုင်ကျေးရွာနားက ဓနိတောအနီးမှာ မနေ့က မနက် ၁၀ နာရီဝန်းကျင်လောက်က လက်နက်ကျည်တစ်လုံး ပထမဆုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

အဲဒီနောက် နှစ်မိနစ်လောက်အကြာမှာ ဆင်ခုံးတိုင်ကျေးရွာထဲကို နောက်ထပ်တစ်လုံး ကျရောက်ခဲ့တာကြောင့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးနဲ့ အသက် လေးနှစ်အရွယ် သူ့ရဲ့ကလေးတစ်ဦးထံကို လက်နက်ကျည်စတွေ ထိမှန်ခဲ့တာလို့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

"ဆယ်နာရီ ပတ်ဝန်းကျင်လောက်မှာ လက်နက်ကြီးတစ်လုံး ကျတယ်။ ရွာနဲ့တော့ နှစ်ဖာလုံလောက်သာ ဝေးတယ်။ ဓနိတောနားမှာ ကျတာပါ။ နှစ်မိနစ်လောက်ကြာတဲ့အခါမှာ နောက်တစ်လုံးထပ်ပစ်တယ်။ ကျွန်တော် တို့ ရွာစာသင်ကျောင်းကနေ လှမ်းမြင်ရတယ်။ ကုလားရွာထဲမှာကျတယ်။ အဲလိုကျလို့ မီးခိုးတွေဘာတွေ ထွက် လာတယ်ပေ့ါ။ ဒီမှာလည်း NGO အဖွဲ့တစ်ခုက ကလေးတွေကို သင်တန်းပေးဖို့ ဆိုပြီးလုပ်နေတယ်။ အဲဒီအချိန်မှာ အကုန်လုံး လှမ်းကြည့်ကြတာပေါ့။ ကုလားမတစ်ယောက်နဲ့ ကလေးတစ်ယောက်မှာ ဒဏ်ရာရသွားတယ်။ အဲဒီလက်နက်ကြီးက အုန်းပင်ကို ပထမဆုံးကျတယ်လို့ပြောတယ်။ အုန်းပင်ကနေတဆင့် ကျည်စတွေက ဖြာပြီးထွက်သွားတာလေ။ အစအနတွေမှန်သွားတာပေါ့"

သူတို့နှစ်ဦးစလုံးဟာ ဒဏ်ရာမပြင်းထန်ပေမယ့် ဘူးသီးတောင်မြို့နယ် စေတီတောင်တိုက်နယ် ဆေးရုံကို သွားရောက်ကုသခဲ့ရတယ်လို့ လည်းဆိုပါတယ်။

အလားတူ ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျေးရွာမှာလည်း မနေ့ည ၉ နာရီလောက်က ရွာထဲကနေအိမ်ခြံဝင်း တစ်ခုထဲကို လက်နက်ကျည် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အိမ်ပေါ်မှာထိုင်နေတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်အာယေရှား ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်မှာတော့ ကျည်စတွေ ထိမှန်ဒဏ်ရာရသွားပြီး ဘူးသီးတောင်ဆေးရုံကို ညတွင်းချင်း ပို့ဆောင်လိုက်ရတယ်လို့ ရွာသားတွေကပြောပါတယ်။

ဒီဖြစ်စဉ်မှာ နွားတစ်ကောင်နဲ့ ခွေးတစ်ကောင်ကတော့ ကျည်စတွေကြောင့် ပွဲချင်းပြီး သေဆုံး သွားတယ်လို့လည်း ဆိုပါတယ်။

ဒဏ်ရာရသူ ဒေါ်အာယေရှားရဲ့ ဆွေမျိုးတစ်ဦးဖြစ်သူ မိုဟာမတ်အာလီ က အခုလိုပြောပါတယ်။

"အိမ်မှာထိုင်နေတဲ့အချိန်မှာ ပေါက်ကွဲတာပါ။ ပေါက်ကွဲတဲ့နေရာက အိမ်နားမှာပါ။ အသက်ကြီးတဲ့ မိန်းမက အိမ်ပေါ်မှာ ထိုင်နေတယ်။ အဲဒီလိုထိုင်နေတဲ့အချိန်မှာ ကျလာတာလေ။ နွားတစ်ကောင်လည်း သေသွားတယ်။ ခွေးတစ်ကောင်လည်း သေသွားတယ်။ ဒဏ်ရာရသူက အခု ဘူးသီးတောင်ဆေးရုံမှာပါ"

ရသေ့တောင်မြို့နယ် ဆင်ခုံးတိုင်ကျေးရွာဟာ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာနဲ့ဆိုရင် ချောင်း တစ်ခုသာ ခြားပါတယ်။

ဆင်ခုံးတိုင်နဲ့ ထိပ်ထူးပေါက်ကျေးရွာတွေကို ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကျည်တွေဟာ တပ်မတော်က ပစ်ခတ်တာလို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေက ယူဆနေကြပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခက မနေ့က ဖြစ်စဉ်နဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခ"မနေ့ကတော့ အဲဒီထပ်ထူးပေါက်ဘက်မှာ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်ခဲ့တာ လုံးဝမရှိဘူးဗျ။ အဲဒီဘက်မှာ ဗမာစစ်တပ်ဘက်က နေပြီးတော့ လက်နက်ကြီးတွေနဲ့ တစ်ဖက်သတ် ပစ်နေတဲ့ဥစ္စာတော့ ရှိတယ်။ အထူးသဖြင့်တော့ နွားရုံတောင်ရွာမှာ အခြေစိုက်ထားတဲ့ တပ်မ-၂၂ ရဲ့လက်အောက်ခံ ခမရ-၂၀၉ ကနေပြီးတော့ အဲဒီဒေသတွင်း တစ်ခုလုံးကိုလှမ်းပြီးတော့ ပစ်နေတာရှိတယ်။ နောက် ဥယျာဉ်သာရွာဘက်ကလည်း လှမ်းပြီးတော့ ပစ်နေတာ ရှိတယ်။ ဆိုတော့ ဗမာစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေက တော့ မွတ်စလင်ရွာတွေကို ကျရောက်ပေါက်ကွဲတာတွေ ရှိတယ်လို့တော့ ကျွန်တော်တို့လည်းသိရတယ်။ ဒါပေမဲ့ ဘယ်နှစ်ယောက် ဒဏ်ရာရတယ်ဆိုတဲ့ဥစ္စာကတော့ ကျွန်တော်တို့ လည်း ဆက်ပြီးတော့ စုံစမ်းတုန်းပဲဗျ"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ အဲဒီနေရာမှာ တပ်မတော်စစ်ကြောင်းတွေမရှိသလို တပ်မတော်ဘက်က လက်နက်ကြီး ပစ်ခတ်တာတွေလည်း မရှိတာကြောင့် ဒါဟာ ဝါဒဖြန့်တာပဲလို့ ပြောပါတယ်။

"လွန်ခဲ့တဲ့ ရက် ၂၀ လောက်ကတော့ အဲဒီနားက ထိပ်ထူးပေါက်တို့၊ နွားရုံတောင်တို့၊ အဲဒီကနေအရှေ့ဘက် ဆင်သေပြင်တို့၊ ဥယျာဉ်သာတို့ ဘာတို့ရှိတယ်။ အဲဒီတုန်းကတော့ မှန်တယ်။ တိုက်ပွဲဘာညာဖြစ်လို့၊ လက်နက်ကြီးကျည်ကျလို့ မှန်ကောင်းတော့မှန်လိမ့်မယ်။ အခုတလောမှာ အဲဒီဘက်မှာ ကျွန်တော်တို့တပ်တွေ ရှိကိုမရှိဘူး ထိပ်ထူးပေါက်နားမှာ။ အဲဒီဆင်ခုန်းတိုင်နားမှာလည်း ကျွန်တော်တို့တပ်တွေမရှိဘူး။ ကျွန်တော်တို့ တပ်တွေက အဲဒီဆင်ခုန်းတိုင်ရဲ့တောင်ဘက် ဝန်းကျင်တဝိုက်ပဲရှိတာ။ ဆင်ခုန်းတိုင်မှာလည်း မရှိဘူး။ ထိပ်ထူးပေါက်ရွာတို့၊ ခုနကပြောတဲ့ ဆင်ခုန်းတိုင်ရွာတို့မှာ ကုလားလည်းရှိတယ် ရခိုင်လည်းရှိတယ်။ ဒါသည် တမင်ဝါဒဖြန့်တဲ့သဘောရှိတယ်"

နှစ်ဘက်တိုက်ပွဲဖြစ်ပွားတဲ့အခါ ဒေသခံတွေ မတော်တဆ ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ စဉ်းစားလို့ရနိုင်ပေမယ့် မနေ့က အဲဒီနေရာဘက်မှာ တိုက်ပွဲဖြစ်ခဲ့တာ မရှိတဲ့အတွက် လက်နက်ကျည် ကျရောက်တဲ့ကိစ္စကို သူ့အနေနဲ့ စဉ်းစားမရဖြစ်ရတယ်လို့လည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

မနေ့က လက်နက်ကျည်ကျရောက်ခဲ့တဲ့ ဆင်ခုန်းတိုင်နဲ့ ထိပ်ထူးပေါက်ကျေးရွာတွေဟာ မွတ်စလင်ကျေးရွာတွေ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေဟာလည်း မွတ်စလင်တွေဖြစ်ကြပါတယ်။

မနေ့ကဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာကို RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းက တာဝန်ယူတာဝန်ခံပြီး ပြောဆိုတာမတွေ့ရတဲ့အတွက် ဒေသခံတွေရဲ့အခြေအနေဟာ ပိုပြီးစိုးရိမ်စရာဖြစ်လာနေတယ်လို့ ပြောပါတယ်။

ကျွန်တော်တို့ဖြစ်ချင်တာက တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေချင်တယ်

"ကျွန်တော်တို့ ရခိုင်ပြည်မှာတော့ အကုန်လုံး လုံခြုံမှု ကင်းမဲ့နေ တယ်ပေါ့လေ။ နေရထိုင်ရတာ ကျွန်တော်တို့ ပြည်သူတွေက တော်တော်အန္တရာယ်များတယ်။ တစ်စုံတစ်ရာ ဖြစ်သွားလို့ရှိရင် တာဝန်ခံ၊ တာဝန်ယူမယ့်ပုဂ္ဂိုလ်တွေ မရှိဘူးဖြစ်နေတယ်။ အဲဒါကြောင့် အလွန်တရာမှ စိုးရိမ်စရာတွေ ဖြစ်နေတယ်။ တစ်ခုခုဖြစ်ရင်လည်း ကျွန်တော်တို့ဖြစ်ချင်တာက တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေချင်တယ်။ တစ်ခုခုဆိုရင် ကျွန်တော်တို့ကြောင့်လို့ ပြောဆိုတာမျိုးပေါ့"

ဒီနေ့မနက် ၈ နာရီခွဲလောက်က မင်းပြားမြို့အနီးက ကားဂိတ်ကွင်းအနီးမှာ ဒီနေ့မနက်က တပ်မတော်ယာဉ်တန်း တစ်ခု မိုင်းနှစ်လုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီးနောက် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်အတွင်း အခင်းဖြစ်နေရာနဲ့ နှစ်ဖာလုံလောက်အကွာမှာ ရှိတဲ့ ခေါင်းလောင်းရွာဟောင်းကျေးရွာထဲကို လက်နက်ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာမှာ အိမ်ပေါ်မှာရှိနေတဲ့ အသက် ၂၀ ကျော်ဝန်းကျင်အရွယ် အမျိူးသမီးတစ်ဦးနဲ့ အသက် သုံးနှစ်အရွယ် သူ့ရဲ့သမီးကလေးတို့ထံ ကျည်စထိမှန်ပြီး ဒဏ်ရာရသွားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ တပ်မတော်စစ်ကြောင်းက ရွာထဲကိုပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် မှန်ပေမယ့် တပ်မတော်စစ်ကြောင်းကတော့ တစ်စုံတရာ ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။

တပ်မတော်အနေနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေမှာ တစ်စုံတရာ ထိခိုက်မှုမရှိဘူးဆိုရင် ဒေသခံတွေကို ငဲ့ကွက်တဲ့အနေနဲ့ အခုနောက်ပိုင်း ပစ်ခတ်တာတွေမလုပ်တော့တာကြောင့် ဒီနေ့ မနက်ကဖြစ်စဉ်မှာလည်း တပ်မတော်က ပစ်ခတ်တာမဟုတ်ဘူးလို့ပြောဆိုပါတယ်။

အခုလက်ရှိမှာတော့ ဒဏ်ရာရသူတွေကို မင်းပြားဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ခေါင်းလောင်ရွာဟောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသန်းကျော် ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကနေ ဒီနေ့အထိ တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးမှု ၉၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရတာ ၁၃၀ ကျော်အထိ ရှိလာနေပြီလို့ ဒေသခံတွေကပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။