ဘူးသီးတောင်မှာ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲ


2014.11.01
butheetaung-620.jpg ဘူးသီးတောင် မြို့အဝင်ကို တွေ့ရစဉ်
Photo: Min Thein Aung

ဘင်္ဂလားဒေ်ရှ်နယ်စပ်အနီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ မနေ့ည ၉ နာရီလောက်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး၊ ထိခိုက် ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာမှာ လက်ကိုင်ဖုန်းတစ်လုံးတွေ့ရှိ ရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

"ဗိုလ်ချုပ်လမ်းပေါ်မှာ ကိုးနာရီကျော်လောက် က ပေါက်ကွဲမှုတစ်ခုဖြစ်လို့ ဒီကလုံခြုံရေးတပ်ဖွဲ့တွေ က သွားကြည့်တော့ ဘာတွေ့သလဲဆိုတော့ Nokia ဖုန်းတွေ့တယ်၊ ပေါက်ကွဲတဲ့ပစ္စည်း ပတ်ချာလည် မှာကြည့်လိုက်တော့ စက်ဘီးဘောစိလေးတွေတွေ့ တယ်၊ အဲ့မှာရှိတဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပိုင်းက သုံးသပ်တာကတော့ မြို့ပေးတဲ့မီးက ၃ ရက်လောက်ရှိပြီ ပျက်နေတာ၊ အဲ့လိုပျက်လို့လုပ်တာလား ဒါမှမဟုတ် သူတို့ပြောနေတဲ့ RSO ဘက်ကပဲ လာပြီးလုပ်တာလား၊ ဘာလဲဆိုတော့ အတိအကျတော့ ပြောလို့မရသေးဘူး"

ဘူးသီးတောင်မြို့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနရုံးရှေ့နားက အေးမြင့်မိုရ် ဆောက်လုပ်ရေး ကုမ္ပဏီပိုင် ဘိလပ်မြေဖျော်စက်အောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အဲဒီအနီးမှာ မီးလောင်ကျွမ်းနေတဲ့ သံနို့ဆီဗူးအပိုင်းအစနဲ့ အက်ဆစ်ရည်တွေအပြင် စက်ဘီးဘောစေ့တွေ ကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အယ်လ်ကိုင်းဒါး မွတ်စလင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဇာဝါဟရီက ဘင်္ဂလားဒေ့်ရှ်နဲ့ မြန်မာကို ပစ်မှတ်အဖြစ် တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ်လို့ မကြာသေးခင်က ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။