ပဲနွယ်ကုန်းဈေး မီးလောင်မှု ဆိုင်ခန်းပေါင်း လေးရာကျော်ဆုံးရှုံး
2024.04.03
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့မှာ ဧပြီလ ၂ ရက်နေ့ ညပိုင်းက မြို့ရဲ့စည်ပင်သာယာဈေး မီးလောင်မှုဖြစ်ပွားတာကြောင့် ဆိုင်ခန်းပေါင်း ၄၃၅ ခန်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်ခန်းတွေအပြင် ဈေးအနီးက အုပ်ချုပ်ရေးမှူးရုံးတစ်ခုနဲ့ နေအိမ် ကိုးလုံးလည်း မီးထဲပါသွားတယ်လို့ ဆိုပါတယ်။
မနေ့ညနေ ခြောက်နာရီကစလို့ ညပိုင်း ဆယ်နာရီဝန်းကျင်အထိ လေးနာရီကြာမီးလောင်ခဲ့ပြီး ဝါယာရှော့ကြောင့် မီးလောင်တာလို့ ပဲနွယ်ကုန်း ဒေသခံတစ်ဦးက ပြောပါတယ်။
“အလှပြင်ဆိုင်ကနေ ဝါယာရှော့ဖြစ်ပြီး စလောင်တယ်လို့ တော်တော်များများပြောကြတယ်ဗျ။ ညက မီးရော လေရောကြောင့် ပျက်စီးမှုတွေ ပိုများသွားတယ်”
မီးလောင်မှု ပြင်းထန်တာကြောင့် ပဲနွယ်ကုန်း ဖြူးနဲ့ တောင်ငူမြို့တွေက မီးသတ်ကားတွေပါ လာရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ သူကဆိုပါတယ်။
ဈေး မီးလောင်မှုမှာ လူထိခိုက်၊ သေဆုံးမှုတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်-မန္တလေး ကားလမ်း (လမ်းဟောင်း) ပေါ် က ပဲနွယ်ကုန်းမြို့လယ်မှာရှိတဲ့ အဲဒီဈေးမှာ ဆိုင်ခန်းပေါင်း ၄၉၃ ခန်းရှိပြီး ကုန်ခြောက်၊ ကုန်စိမ်း၊ အသားငါး၊ အဝတ်ထည်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ ဈေးကြီးတစ်ခုလို့ မြို့ခံတွေက ပြောပါတယ်။