ရေစကြို ထန်းပင်ချောင်းရွာ မီးရှို့ခံရပြီး ဒေသခံ ၁၅၀၀ ခန့်ထွက်ပြေးနေရ

RFA Burmese
2022.12.22
ရေစကြို ထန်းပင်ချောင်းရွာ မီးရှို့ခံရပြီး ဒေသခံ ၁၅၀၀ ခန့်ထွက်ပြေးနေရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ညက မီးရှို့ဖျက်ဆီးခံရသည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းပင်ချောင်းရွာကို တွေ့ရစဉ်
Screenshot: Mawkun Magazine Video

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းပင်ချောင်းရွာကို ဒီဇင်ဘာလ ၂၁ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ တွေက ဝင်ရောက်စီးနင်းပြီး ရွာကိုမီးရှို့လို့ နေအိမ် ၃၀ လောက် မီးလောင်ဆုံးရှုံးခဲ့သလို ရွာသား ၁၅၀၀ ဝန်းကျင်လည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ မနေ့က မနက်ပိုင်း တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ညပိုင်းမှာ ရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာလို့ ထန်းပင်ချောင်းရွာသားတစ်ဦးက ပြောပါတယ်။

"ရွာကို ညက မီးရှို့ခံရတာပေါ့။ သူတို့ဝင်လာပြီဆိုကတည်းက တစ်ရွာလုံး ထွက်ပြေးရတာ။ တချို့ ဆိတ်အုပ်တွေ၊ နွားအုပ်တွေ ပါတဲ့သူကပါ။ ကျန်တဲ့သူက ကျန်ပေါ့။ အကုန်လုံး ရှောင်ရတာပေါ့။ သက်ကြီးရွယ်အိုရော၊ ဒုက္ခိတရော၊ ကလေးသူငယ်တွေရောဗျ"

ဒီနေ့ မနက်ပိုင်း စစ်ကြောင်း ပြန်ထွက်သွားချိန် ရွာထဲဝင်ရောက် မီးငြှိမ်းခဲ့ရာမှာ ရွာမြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အလယ်ပိုင်းက နေအိမ်တွေ မီးရှို့ခံထားရပြီး စုစုပေါင်း နေအိမ် ၃၀ လောက် မီးလောင်ပျက်စီးတာကို မြင်တွေ့ခဲ့ရတယ်လို့ သူကဆိုပါတယ်။

ထန်းပင်ချောင်းရွာဟာ အိမ်ခြေ ၁၂၀ ရှိပြီး လူဦးရေ ၁၅၀၀ လောက်နေထိုင်ပါတယ်။

လက်ရှိမှာလည်း ပစ်ခတ်သံတွေကြားနေရသလို စစ်ကြောင်း ပြန်ဝင်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာမှာ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်ကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အာဏာသိမ်း ၂၂ လအတွင်း မကွေးတိုင်းက နေအိမ် ၇၈၁၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့က ဒီဇင်ဘာလ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။