စလင်းမှာ နေအိမ်တစ်ရာခန့် မီးရှို့ခံရပြီး လူသုံးထောင်ကျော် ထွက်ပြေးနေရ
2024.12.17

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စမ်းကလေးရွာကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က စီးနင်းမီးရှို့တာကြောင့် နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးပြီး စမ်းကလေးရွာ အပါအဝင် အနီးတစ်ဝိုက်ရွာတွေက လူသုံးထောင်ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အင်အား နှစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တာလို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုအညာသားက RFA ကို ပြောပါတယ်။
"အိမ်ခြေက တော်တော်များများပါသွားတယ်၊ တစ်ရွာလုံးနီးပါး မီးလောင်ခံလိုက်ရတယ်ပေါ့ဗျာ။ စမ်းကလေးရွာနဲ့ ရွာနီးချုပ်စပ်ရွာတွေ အကုန်လုံး ပြေးနေရတာပေါ့ဗျာ"
စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့နေချိန် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ စမ်းကလေးရွာ အပါအဝင် အနီးတစ်၀ိုက် ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခတ်နေတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အခုမနက်ပိုင်းအထိ လက်နက်ကြီးက ရမ်းသန်းထုနေသေးတယ်။ ပတ်ချာလည်ရွာတွေအထိ ပစ်နေတော့ ဘယ်သူမှ ရွာထဲကို ပြန်မဝင်ရဲကြသေးဘူး။ စစ်ဘေးရှောင်တွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်ဗျ"
စစ်ကောင်စီတပ်က အဲဒီရွာတွေအနီးမှာ တော်လှန်ရေးအဖွဲ့တွေ ရှိနေတယ်ဆိုတဲ့ ယူဆချက်နဲ့ စစ်ကြောင်းထိုးစီးနင်းတာတွေ လုပ်နေတာလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အချက်အလက်တွေကို ကောက်ယူနေတဲ့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း တစ်သိန်းကျော် (၁၀၅,၃၁၄ လုံး) ရှိလာပြီဖြစ်ပါတယ်။