စလင်းမြို့နယ် ကုန်းခြားရွာမှာ နေအိမ်ရှစ်ဆယ်ကျော် မီးရှို့ခံရ

RFA Burmese
2024.05.26
စလင်းမြို့နယ် ကုန်းခြားရွာမှာ နေအိမ်ရှစ်ဆယ်ကျော် မီးရှို့ခံရ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကုန်းခြားရွာမှ PDF စခန်းကို ဝင်ရောက်စီးနင်းပြီး ပစ္စည်းတချို့သိမ်းဆည်းရမိထားကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်က People Media ၏ တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည်ကို တွေ့ရစဉ်။
Telegram/ People Media

မကွေးတိုင်း၊ စလင်းမြို့နယ်က ကုန်းခြားရွာကို မေလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းပြီး နေအိမ်ရှစ်ဆယ်ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက မေလ ၂၆ ရက်နေ့က ပြောပါတယ်။

ကုန်းခြားရွာနဲ့ ဆယ်မိုင်ခန့်ဝေးတဲ့ ရှောက်ပင်အင်းရွာအနီး ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ ကပစ (၂၁) က အင်အားခြောက်ဆယ်နီးပါးပါစစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံရတာမရှိပေမဲ့ နေအိမ်တွေနဲ့ စပါးသိုလှောင်ထားတဲ့အိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စလင်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ရွာကိုဝင်စီးတာတော့ နှစ်နာရီလောက်ပဲ ကြာတယ်။ သူတို့က ရွာကိုဝင်ကတည်းက လက်နက်ကြီးတွေ ပစ်ခတ်ပြီးတော့ကို ဝင်ခဲ့တာ။ တွေသမျှအိမ် မီးရှို့တယ်။ အိမ်တွေက ကပ်နေတာရယ်၊ လေကြောင်းကျတာရယ်ကြောင့် မီးတွေကကူးပြီး လောင်သွားတာပါ"

ကုန်းခြားရွာဟာ နေအိမ်နှစ်ရာနီးပါးနဲ့ လူဦးရေ ကိုးရာကျော်ရှိပြီး ဒေသခံတွေကတော့ စစ်ကြောင်းထွက်သွားတာကြောင့် မေလ ၂၅ ရက်နေ့ကတည်းက ရွာထဲပြန်ဝင်နေကြပြီလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ စလင်းမြို့နယ်အတွင်းက ကုန်းခြားရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့တာ မရှိကြောင်းနဲ့ သတင်းဌာနတွေက ရေးသားဖော်ပြနေတာတွေဟာ သတင်းအမှားသာ ဖြစ်ကြောင်း မေလ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကို အားပေးထောက်ခံနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မုံရွာ-ပုသိမ်လမ်းမဘေး ကုန်းခြားရွာက PDF စခန်းကို စစ်ကြောင်းတွေ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ထားတယ်လို့ မေလ ၂၄ ရက်နေ့မှာပဲ ရေးသားထားကြပါတယ်။

ကုန်းခြားရွာခံတွေကတော့ ရွာအနီးမှာ PDF စခန်းလည်းမရှိသလို ကာကွယ်ရေးတပ်တွေဘက်က စစ်ရေးလှုပ်ရှားတာတွေလည်းမရှိဘူးလို့ ငြင်းဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။