မြန်မာလုပ်ငန်းရှင် လီဗီဆပ်နိုင်သန်းအပေါ် တရားစွဲမှု လော့စ်အိန်ဂျယ်လိစ်မှာ စတင်စစ်ဆေး

RFA Burmese
2024.01.09
မြန်မာလုပ်ငန်းရှင် လီဗီဆပ်နိုင်သန်းအပေါ် တရားစွဲမှု လော့စ်အိန်ဂျယ်လိစ်မှာ စတင်စစ်ဆေး အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မြင်ကွင်းတစ်ခုအား ၂ဝ၁၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
Reuters

အမေရိကန်နိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းကြားမှာ ထင်ရှားသူတစ်ဦးဖြစ်တဲ့ လုပ်ငန်းရှင်အမျိုးသမီး ဒေါ်လီဗီဆပ်နိုင်သန်း အပေါ်ရေနံတူးဖော်ခွင့်ရထားတဲ့ မြေနေရာတွေ စျေးတင်ပြီး လိမ်လည်ရောင်းချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတဲ့အမှုကို လော့စ် အိန်ဂျလိစ်မြို့ တရားရုံးတစ်ခုမှာ အခုအပတ် ကြားနာစစ်ဆေးမှုတွေ စတင်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒေါ်လီဗီဆပ်နိုင်သန်းဟာ အမေရိကန်အစိုးရထံက ရေနံတူးဖော်ခွင့်ရထားတဲ့ မြေနေရာတွေကို ပြန်လည် ရောင်းချရာမှာ ဝယ်ယူသူတွေက သူ့ကိုယ်ထင်ယောင်ထင်မှား ဖြစ်အောင် တမင်တကာ ပုံဖော်မှုနဲ့ တရားစွဲဆို ခံထားရတာပါ။

ဒေါ်လီဗီဆပ်နိုင်သန်းကို တရားလို ၂၁ ဦးပါဝင်တဲ့အဖွဲ့က ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေအတွင်း ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့က တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒေါ်လီဗီဆပ်နိုင်သန်းဟာ ရေနံတူးဖော်တဲ့လုပ်ငန်းအတွေ့အကြုံမရှိပေမဲ့ အမေရိကန် ဒေါ်လာ ၃.၅ သန်း တန်ဖိုးရှိတဲ့ မြေတွေကို အမေရိကန် ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေထံကနေ ဝယ်ယူခဲ့ပြီးနောက် သူမ မူလဝယ်ထားခဲ့တဲ့ တန်ဖိုးထက် အဆပေါင်းများစွာယူပြီး စျေးတင်ရောင်းနေတဲ့အကြောင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ရိုက်တာ သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့ပါတယ်။

အွန်လိုင်းကနေ ရေမွှေးနဲ့ အလှကုန်တွေ ရောင်းချတာနဲ့ ကျန်းမာရေး အကြံပြုချက်ပေးတာတွေလည်း လုပ်လေ့ရှိတဲ့ ဒေါ်လီဗီဆပ်နိုင်သန်းဟာ သူ့ရဲ့ ဝက်ဆိုဒ်မှာ သူ့ကိုယ်သူ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းအသိုင်းအဝိုင်းမှာ ဝင်ဆံ့သူအဖြစ် ထင်ယောင်ထင်မှား ဖြစ်စေတဲ့ အကြောင်းအရာတွေ တင်ခဲ့တဲ့အကြောင်း၊ Follower တစ်သိန်းနှစ်သောင်းကျော်ရှိတဲ့ သူ့ရဲ့ဖေ့စ်ဘွတ်ခ် အကောင့်ကနေ Live လွှင့် ကြော်ငြာတာတွေ ပြုလုပ်ပြီး သူရထားတဲ့ ရေနံတူးဖော်ခွင့် မြေနေရာတွေကို တစ်ဆင့် ပြန်ဝယ်ဖို့ ပြောဆိုစည်းရုံးခဲ့တယ်လို့ တရားလိုတွေက ပြောထားပါတယ်။

တရားလိုတွေက သူတို့ အားလုံးပေါင်း ဒေါ်လာတစ်သန်းကျော်ပေးပြီး ဒေါ်လီဗီဆပ်နိုင်သန်းဆီက ရေနံတူးဖော်ခွင့်တွေကို ပြန်လည် ဝယ်ယူခဲ့တဲ့အကြောင်းနဲ့ ဒီ မြေတွေပေါ်မှာ ရေနံတူးဖော်ဖို့လည်း အကူအညီပေးမယ်အထင်နဲ့ ဝယ်ယူခဲ့တာ ဖြစ်တဲ့အကြောင်း တရားစွဲဆိုရာမှာ ပြောထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

“ဒေါ်လီဗီဆပ်နိုင်သန်းဟာ သူ့ရဲ့ ထင်ရှားကျော်ကြားမှုကို အသုံးချပြီး မသိနားမလည်တဲ့ အမေရိကန်ရောက် မြန်မာတွေကို ပစ်မှတ်ထား လိမ်လည်ခဲ့တာ စိတ်မကောင်းစရာ အမှန်တရား ဖြစ်ပါတယ်။ သူဟာ ရေနံတူးဖော်ခွင့် ရထားတဲ့ မြေနေရာတွေကို အရမ်းကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုပါလို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ လိမ်လည် ကြော်ငြာပြီး ထိုက်တန်တဲ့ စျေးနှုန်းထက် အများကြီး စျေးတင်ရောင်းချခဲ့ပါတယ်။” လို့ တရားလို တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောထားပါတယ်။

ဒေါ်လီဗီဆပ်နိုင်သန်းရဲ့ ရှေ့နေတွေကတော့ သူတို့ အမှုသည်ဟာ တရားလိုတွေ စွပ်စွဲထားသလို၊ တမင်တကာဖြစ်စေ၊ မသိဘဲ ဖြစ်စေ ထင်ယောင်ထင်မှား ပုံဖော်ပြီး လိမ်လည်ခဲ့တဲ့ အထောက်အထား မရှိပါဘူးလို့ ဆိုပါတယ်။

ဒေါ်လီဗီဆပ်နိုင်သန်းကလည်း သူ့အပေါ်စွပ်စွဲသူတွေအနေနဲ့ သက်သေမပြနိုင်ရင် လျော်ကြေးငွေအမြောက်အမြားပေးရမှာဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီ ၈ ရက်နေ့က ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။