မြန်မာက သဘာဝဓာတ်ငွေ့စီမံကိန်းတွေ ဆက်လုပ်ဖို့ ထိုင်းနိုင်ငံစီစဉ်
2024.03.14

ဖိအားတွေရှိပေမဲ့ ဇောတိကနဲ့ ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းတွေကို မရပ်ဆိုင်းနိုင်ဘဲ စာချုပ်သက်တမ်းတိုးဖို့ ထိုင်းအစိုးရပိုင် PTTEP–PTT ရေနံတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီက စဉ်းစားနေတယ်လို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာ Upstream သတင်းက မတ်လ ၁၄ ရက်နေ့က ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ အနောက်ပိုင်းမှာရှိပြီး ပြည်တွင်းလျှပ်စစ်လိုအပ်ချက် ၁၇ % ဖြည့်ဆည်းပေးတဲ့ ဓာတ်အားပေးစက်ရုံ ၁၁ ရုံအတွက် မြန်မာ့ကမ်းလွန်ကထွက်တဲ့ ဓာတ်ငွေ့တွေရရှိနေတာကြောင့် ဒီစီမံကိန်းတွေကို မရပ်ဆိုင်းနိုင်ဘူးလို့ ထိုင်းအစိုးရပိုင် PTTEP အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။
စစ်ကောင်စီနဲ့ စီးပွားရေးမလုပ်ဖို့ ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဖိအားပေးတောင်းဆိုထားတာပါ။
အခုသက်တမ်းတိုးဖို့လုပ်နေတဲ့ လုပ်ကွက်နှစ်ကွက်ကနေ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅ဝ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၂ဝ ရာခိုင်နှုန်း အထိ ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ ရိုက်တာသတင်းဌာနက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
လုပ်ကွက်တစ်ကွက်ဟာ လာမယ့် ၂ဝ၂၈ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး နောက်တစ်ကွက်ကတော့ နောက်နှစ်ပေါင်း ၂ဝ အတွင်း သက်တမ်းကုန်ဆုံးမယ်လို့ ရိုက်တာက ရေးပါတယ်။