PTTEP နဲ့ MOGE ကို ချက်ဗရွန်အစုရှယ်ယာ လွှဲပြောင်း

RFA Burmese
2024.04.10
PTTEP နဲ့ MOGE ကို ချက်ဗရွန်အစုရှယ်ယာ လွှဲပြောင်း အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် Chevron ကုမ္ပဏီ ဆိုင်းဘုတ်တစ်ခုအား တွေ့ရစဉ်။
Reuters

မြန်မာနိုင်ငံကနေ အမေရိကန် ချက်ဗရွန်ရေနံကုမ္ပဏီက လုပ်ငန်းရုတ်သိမ်းသွားပြီး သူ့အစုရှယ်ယာတွေကို ထိုင်း PTTEP – PTT အမျိုးသားရေနံတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝလုပ်ငန်း MOGE ကို လွှဲပြောင်းပေးလိုက်ပါတယ်။

ရတနာ ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းအတွက် ချက်ဗရွန်ကုမ္ပဏီက ပိုင်ဆိုင်တဲ့ ရှယ်ယာ ၄၁ ရာခိုင်နှုန်းကို ပြင်ပလုပ်ငန်းတစ်ခုခုကို မရောင်းချဘဲ PTTEP နဲ့ MOGE တို့ကို လွှဲပြောင်းပေးခဲ့တာလို့ ထိုင်း ဘန်ကောက်ပို့စ် သတင်းမှာ မနေ့က ဖော်ပြပါတယ်။

ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းကနေ အပြီးသတ် ထွက်ခွာလိုက်ပြီလို့ ချက်ဗရွန်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ဧပြီ ၉ ရက်က ပြောခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီး လူသားချင်းစာနာမှု အကျပ်အတည်းတွေ ဖြစ်လာတဲ့အတွက် ထိန်းချုပ်မှုရှိပြီး စနစ်ကျတဲ့ပုံစံနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့အတိုင်း ဆောင်ရွက်ခဲ့တာလို့လည်း သူက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ချက်ဗရွန်က ကန့်ကွက်ရှုတ်ချရုံမက မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီး နှစ်နှစ်ကျော်ကြာမှ အမှန်တကယ် ထွက်ခွာတဲ့အဆင့် ရောက်လာတာလို့ ဘန်ကောက်ပို့စ်က ရေးသားပါတယ်။

ချက်ဗရွန်ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့အတွက် ရတနာဓာတ်ငွေ့စီမံကိန်းမှာ ထိုင်း PTTEP ကုမ္ပဏီရဲ့ ရှယ်ယာက ၆၂ ဒဿမ ၉ ရာခိုင်နှုန်းအထိ တိုးသွားတယ်လို့လည်း ဖော်ပြထားပါတယ်။

မုတ္တမပင်လယ်ကွေ့မှာ တည်ရှိတဲ့ ရတနာ သဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းကနေ တစ်နှစ်ကို သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၆ ဘီလျံ ထုတ်လုပ်နေပြီး ၇၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံကို တင်ပို့နေပါတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို မြန်မာပြည်တွင်းမှာ သုံးစွဲဖို့ စစ်တပ်ထိန်းချုပ်ထားတဲ့ MOGE ကနေတစ်ဆင့် ဖြန့်ဖြူးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။