မြန်မာပြည်သူတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့တွေကတစ်ဆင့် ကူညီနေတယ်လို့ EU ပြော
2024.03.14

EU ဥရောပသမဂ္ဂဟာ မြန်မာပြည်သူတွေကို ဆက်လက်ကူညီထောက်ပံ့နေတယ်လို့ EU ရဲ့ နိုင်ငံတကာ မိတ်ဖက်ရေးရာကော်မရှင်မင်းကြီး မစ္စ ယူတာ အာပလိန်းနန်း (Jutta Urpilainen) က ပြောလိုက်ပါတယ်။
အဲဒီအကူအညီတွေကို စစ်ကောင်စီကတစ်ဆင့်ပေးတာမဟုတ်ဘဲ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း တွေအပါအဝင် အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေကတစ်ဆင့် ပေးတာလို့ သူက ပြောပါ တယ်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဆုပ် ချန်ဒါ ဆိုဖီယာနဲ့ ဖနွမ်းပင်မြို့က တွေ့ဆုံပွဲမှာ မတ်လ ၁၃ ရက် နေ့ကပြောလိုက်တာလို့ ဖနွမ်းပင်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ဘုံသဘောတူချက် ငါးရပ်ကိုလည်း EU က ဆက်လက်ထောက်ခံနေပြီး၊ မြန်မာပြည်အခြေအနေကိုလည်းစိုးရိမ်နေတယ်လို့ မစ္စ အာပလိန်းနန်းက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေကိုကူညီထောက်ပံ့ရေးဟာ မဖြစ်မနေလုပ်ရမယ့်ကိစ္စလို့ EU အနေနဲ့ခံယူထားတယ်လို့ ဆိုပါတယ်။ အဓိကအကူအညီတွေကတော့ ကျန်းမာရေး၊ ပညာရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးဖြစ်တယ် လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ မြန်မာပြည်ထဲမှာ ဆက်လက်ရပ်တည်နေသလို အဲဒီလိုနေဖို့ လည်း အရေးကြီးတယ်လို့ခံယူတဲ့အကြောင်း EU ရဲ့ နိုင်ငံတကာမိတ်ဖက်ရေးရာကော်မရှင်မင်းကြီးက ထည့်သွင်းပြောဆိုပါတယ်။